မာနေးနဲ့ ဆာနေးတို့ ရန်ပွဲကြောင့် ဒီအပတ် ဘိုင်ယန်နဲ့တွေ့ရမှာ စိုးရိမ်နေကြောင်း ဂွာဒီယိုလာ ဖွင့်ဟ
မန်ချက်စတာ စီးတီးဟာ မနက်ဖြန်ညမှာ ဂျာမန်မြေသွားပြီး ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။
ပထမအကျော့ကို ဂိုးပြတ် အနိုင်ရထားပေမယ့် ဒုတိယအကျော့မှာ မန်စီးတီးကို ရင်ဆိုင်ပြီး ရလဒ်ကောင်းပြန်ယူဖို့ ဘိုင်ယန်မြူးနစ်တို့ ကြိုးစားမှာဖြစ်ကြောင်း နည်းပြဂွာဒီယိုလာက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ပကျော့က ပွဲအပြီး အဝတ်လဲခန်းထဲ မာနေးနဲ့ လီရွိုင်းဆာနေးတို့ စကားများကြတဲ့ကိစ္စဟာ ဘိုင်ယန်မြူးနစ် အတွက် လှုံ့ဆော်ပေးသလို ဖြစ်စေမှာကိုလည်း ဂွာဒီယိုလာက စိုးရိမ်နေပါတယ်။
ဘိုင်ယန် တိုက်စစ်သမား နှစ်ဦးဟာ မန်စီးတီးကို ရှုံးနိမ့်ခြင်းကို စိတ်ပျက်ရာက ထိုးပွဲပါ ဖြစ်ခဲ့ကြတာပါ။ ထိုရန်ပွဲ နောက်ဆက်တွဲ အဖြစ် မာနေးက ဒဏ်ကြေးပေးခဲ့ရသလို ပွဲလူစာရင်းကနေလည်း ချန်လှပ်ခံထားခဲ့ရပါသေးတယ်။
ဒီလို မတော်တဆဖြစ်ရပ်ဟာ ရယ်မောစရာ ကိစ္စဆိုတာထက် ပြိုင်ဘက်အသင်း တစ်ခုလုံးရဲ့ စိတ်ဓါတ်ပိုင်းကို ပြောင်းပြန် ဖြစ်တဲ့ထိ အကူအညီ ပေးနိုင်ပြီး မန်စီးတီးကို ရင်ဆိုင်ဖို့ရာ အားသာချက် ဖြစ်သွားနိုင်တယ်လို့ ဂွာဒီယိုလာက နားလည်ထားပါတယ်။
“ တခါတလေမှာ ပဋိပက္ခတစ်ခုက အသင်းကို ပိုပြီး စည်းလုံးသွားစေနိုင်တယ်၊။ ဒါကို ကျွန်တော်ကောင်းကောင်း သိပါတယ်။ အဲ့လို အချင်းများတဲ့ ကိစ္စက အားနည်းချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ထိခိုက်လာစေမယ့် အားသာချက်တစ်ခု ဖြစ်သွားလိမ့်မယ်။ ဒီကလပ်အကြောင်းကို ကျွန်တော် သေချာသိပါတယ်။
မန်စီးတီး ကြုံရမယ့် အခြေအနေကို ကျွန်တော် စိတ်ကူးကြည့်လို့ရတယ်။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီ့ကိုသွားပြီး အကောင်းဆုံး လုပ်သွားမှာပါ။ ဘိုင်ယန်ကလည်း အစွမ်းကုန် ကြိုးစားပါလိမ့်မယ်။
ဒါပေမယ့် ပထမအကျော့မှာ ကျွန်တော်တို့အသင်းက ၃-၀ နဲ့ ရှုံးခဲ့ပြီး အသင်းတွင်း ပဋိပက္ခတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဒုတိယအကျော့က ကျွန်တော်တို့အတွက် ဗိုလ်လုပွဲလို ဖြစ်နေမှာပါ။ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိပြီးတော့ သေချာလုပ်သွားမှာပဲ” လို့ ဂွာဒီယိုလာက သတိပေးသွားခဲ့ပါတယ်။