ရာသီကုန်ခါနီး မန်စီးတီး အရှိန်တင်ရမယ့် အချိန်မှာ အားထားရတဲ့ ကြယ်ပွင့်လေး ပြန်လာပါပြီ

တိုက်စစ် ကြယ်ပွင့်လေး ဖိုဒန်ဟာ ပြီးခဲ့လတုန်းက အူအတက် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် မန်စီးတီးရဲ့ လေ့ကျင့်ရေး ကွင်းသို့ ပြန်လည် ပူးပေါင်းပြီဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ နိုင်ငံတကာပွဲစဉ်များ ကစားနေစဉ်အတွင်းမှာ ခွဲစိတ် ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး ရက်သတ္တပတ် ၄ ပတ်လောက်အထိ နားရမယ်လို့ မျှော်လင့်ခဲ့ရတာဖြစ်ပါတယ်။
ခန့်မှန်းထားတာတက် စောစီးစွာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ ဖိုဒန်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။
ဖိုဒန်ပြန်ကောင်းလာတာက ဂွါဒီယိုလာအတွက် ဝမ်းသာစရာဖြစ်ပြီး သူ့ရဲ့အသင်းဟာ ဆုဖလား ၃ လုံးအတွက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ပထမအကျော့တွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘိုင်ယန်နှင့် ဒုတိယ အကျော့အတွက် ရွေးချယ်ခံရဖို့ ဖိုဒန်က ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာ ဖိုဒန်ဟာ မန်စီးတီးရဲ့ အဓိက ကစားသမားဖြစ်ခဲ့သော်လည်း အသင်းမှာ ပွဲထွက်ခွင့် ရရှိဖို့ အတွက်တော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အီတီဟက်မှာ ကစားခဲ့တဲ့ပွဲမှာ ဘာနန်ဒို ဆေးလ်ဗားက ဂိုးသွင်းယူခဲ့ပြီး ဂရီးလစ်ချ်ကလည်း အကောင်းဆုံးပုံစံပြသခဲ့ကာ နည်းပြရဲ့ပွဲထွက်စာရင်းထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဖိုဒန် ပြန်ကောင်းလာတာက မန်စီးတီးအတွက် အားတက်စရာဖြစ်သော်လည်း ရာသီကုန်အထိက ၁၄ ပွဲလောက်သာ ကစားဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ မန်စီးတီးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် စနေနေ့တွင် ရှက်ဖီးလ် ယူနိုက်တက်နှင့် ကစားရမှာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်မှာ အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။
ဖိုဒန် ဒဏ်ရာ ရရှိနေတဲ့အချိန်မှာ မန်စီးတီးဟာ အာဆင်နယ်ကို လိုက်မီအောင် ကြိုးစားခဲ့ပြီး အခုတော့ တစ်ပွဲလျော့ဖြင့် ၄ မှတ်ကွာ အနေအထားသို့ ရောက်လာခဲ့ပြီဖြစ်ပါတယ်။
၆နှစ်တွင်း ပရီးမီးယားလိဂ်ဆုဖလားကို ၅ ကြိမ်ရရှိဖို့ ရည်ရွယ်ထားတဲ့ မန်စီးတီးကသာ အာဆင်နယ်ကို အနိုင် ရရှိခဲ့မယ်ဆိုရင် ဆုဖလားက ဂွါဒီယိုလာတို့ လက်ထဲသို့ ရောက်ရှိသွားမလို ဖြစ်သွားမှာဖြစ်ပါတယ်။