ဒီည ဘိုင်ယန်မြူးနစ် Vs မန်စီးတီး တို့ ချန်ပီယံလိဂ် ဒုကျော့ ပွဲမတိုင်ခင် ပွဲကြို ထူးခြားမှုနဲ့ အချက်အလက်များ

ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်ဟာ မဖြစ်နိုင်သလောက်ရှိတဲ့ ၃ဂိုးပြတ် အရှုံးကို ပြန်အဖတ်ဆယ်ဖို့ ဒီနေ့ည အလိုင်းယန့်ဇ် အေရီနာမှာ မန်စီးတီးကို ချန်ပီယံလိဂ် ကွာတား ဒုတိယအကျော့ ပွဲ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ပထမအကျော့တုန်းက အီတီဟက်ကွင်း မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဟာ ဘိုင်ယန်မြူးနစ်အတွက် အရှက်ရဖွယ် ပြုတ်လုနီးပါး ဖြစ်စေခဲ့ပြီး အခု အိမ်ကွင်းမှာ အလားတူ ထပ်ရှုံးမယ်ဆိုရင်တော့ ရာသီကုန်ခါနီးအချိန်မှာ နာဂယ်စ်မန်းကို ထုတ်ပြီး တူချယ်နဲ့ အစားထိုးခဲ့တဲ့ ဘိုင်ယန်အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

ဒီညပွဲမတိုင်ခင် ဒီနှစ်သင်းကြား ထူးခြားတဲ့ ပွဲကြို အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်ဟာ သမိုင်းတလျှောက် စုစုပေါင်း ၁၁ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး မန်စီးတီးက ၆ပွဲနိုင်၊ ဘိုင်ယန်က ၅ပွဲနိုင်ကာ သရေတစ်ပွဲမှ မရှိခဲ့ဖူးပါဘူး။

သိထားသင့်တဲ့ အချက်အလက်များ

– ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၂ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ဥရောပမှာ သူတို့နဲ့ တွေ့ခဲ့တဲ့ ပထမဆုံး ၅ပွဲအတွင်း ရှုံးခဲ့တဲ့ အရေအတွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

– ဥရောပမှာ ဘိုင်ယန်ကို အနည်းဆုံး ၅ပွဲနဲ့အထက် ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းတွေထဲ ပွဲအရေအတွက် တစ်ဝက်ကျော် အနိုင်ရဖူးတဲ့ ၃သင်းထဲမှာ မန်စီးတီးလဲ ပါဝင်ပါတယ်။

– မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ဂျာမန်ပြိုင်ဘက်တွေနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ပွဲ၂၀အတွင်း တစ်ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး အဲ့ဒါကတော့ ၂၀၂၁-၂၂ ရာသီတုန်းက လိုက်ပ်ဇစ်နဲ့ပွဲမှာ ဖြစ်ပါတယ်။

– ဘိုင်ယန်မြူးနစ်ဟာ ပထမအကျော့မှာ ၃-၀ နဲ့ ရှုံးထားပါတယ်။ ဥရောပပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ပထမအကျော့ကို ၃-၀ နဲ့ ရှုံးထားပြီးမှ ပြန်လာနိုင်ခဲ့တဲ့ အသင်းဆိုလို့ သမိုင်းတလျှောက်မှာ ၃သင်းသာ ရှိခဲ့ပါတယ်။

– တူချယ် ကိုင်တွယ်တဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ ၃ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ပက်ဂွာဒီယိုလာဟာ အဲ့ဒီ့လို ပြိုင်ပွဲစုံ နောက်ဆုံး ၃ပွဲလုံးကို တစ်ဂိုးမှ မပေးရပဲ အနိုင်ရခဲ့ပါတယ်။

– ဘိုင်ယန်ဟာ နောက်ဆုံး ၄ပွဲအတွင်း တစ်ဂိုးထက် ပိုပြီးမသွင်းနိုင်ခဲ့ပါဘူး။ သူတို့တွေ ၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နောက်ဆုံး အကြိမ်ဟာ လွန်ခဲ့တဲ့ ၂လလောက်က ဖြစ်ပါတယ်။

– မန်စီးတီးဟာ ဘိုင်ယန်နဲ့ တွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ပွဲကို အနိုင်ရခဲ့ပါတယ်။

– ၎င်းတို့ဟာ ပြိုင်ပွဲစုံ ၁၀ပွဲဆက် အနိုင်ရထားပြီး ဖေဖော်ဝါရီအစမှာ စပါးကို ၁-၀ နဲ့ ရှုံးပြီးနောက်ပိုင်း အခုထိ အဝေးကွင်း လုံးဝ ထပ်မရှုံးသေးပါဘူး။