ပရိသတ်တောင့်တင်းလာတဲ့ မန်စီးတီးက အိမ်ကွင်းကို ဘီလျံနဲ့ချီ အကုန်အကျခံ တိုးချဲ့တော့မည်

မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ အီသီဟက် ပွဲကြည့်စင် တစ်ခုကို ပေါင် သန်း ၃၀၀ အကုန်အကျ တိုးချဲ့ပြီး ကွင်းဝင်ဆံ့မှု ၆၀၀၀၀ ဖြစ်လာစေမယ့် အကြီးစား ပရော်ဂျက်ကို ချပြလာခဲ့ပါပြီ။

စီးတီးဟာ မြောက်ဘက် ပွဲကြည့်စင်ကို ကြီးကြီးမားမား တိုးချဲ့မှု ပြုလုပ်မယ့် သူတို့ရဲ့ စီမံကိန်းကို မန်ချက်စတာမြို့ ကောင်စီကို တင်ပြထားပြီ ဖြစ်ပါတယ်။ လက်ရှိ ပွဲကြည့်စင်က ပရိသတ် ၅၄၀၀၀ ကျော် ဝင်ဆံ့တာဖြစ်ပေမယ့် စီမံကိန်း အပြီးသတ်ပြီးရင် ပရိသတ် ၆၀၀၀၀ ကျော် ဝင်ဆံ့ပါလိမ့်မယ်။

ကွင်းတိုးချဲ့မှုဟာ စီးတီးတို့ရဲ့ မဟာပလန်ထဲက အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်နေခြင်းဖြစ်ကာ တကယ်တမ်း သူတို့ရဲ့ ပရော်ဂျက်က အဲ့ထက် အများကြီး ပိုကြီးမားကာ ပေါင် ဘီလျံနဲ့ချီ အကုန်အကျခံ တည်ဆောက်မှုတွေ ပါဝင်ပါတယ်။

ပရော်ဂျက်ထဲမှာ အခန်း ၄၀၀ ပါ ဟိုတယ်အသစ်၊ အရောင်းဆိုင်ကြီးနဲ့ လူပေါင်း ၃၀၀၀ ကို အစားအသောက်တွေပါ ဧည့်ခံ ကျွေးမွေးနိုင်ပြီး တစ်နှစ်ပတ်လုံး ဖျော်ဖြေပွဲ ကျင်းပနိုင်မယ့် ခန်းမ အပါအဝင် မော်ဒန် အဆောက်အဦးပိုင်းတွေ ထပ်မံ ပါဝင်ဦးမှာပါ။

ဒါ့အပြင် တော်တင်ဟမ်ကွင်းမှာ မြင်ကြရတဲ့ ကွင်းအမိုးပေါ် လမ်းလျှောက်ရတဲ့ roof walk အပြင် sky bar ကိုလည်း ထည့်သွင်းသွားမှာပါ။ စီးတီးကတော့ ဒီပရော်ဂျက်ဟာ ဒေသတွင်းက လူပေါင်း ၂၆၀၀ ကျော်ကို အလုပ်နေရာ ဖန်တီးပေးနိုင်မယ် ဆိုထားပြီး တည်ဆောက်ရေးကာလက ၃ နှစ်ဖြစ်ပါတယ်။

စီးတီးတာဝန်ရှိသူတွေဟာ ဒီပရော်ဂျက်အတွက် ပရိသတ်တွေ၊ ဒေသတွင်း နေထိုင်သူတွေဖြင့် ဆွေးနွေးသွားမှာဖြစ်ပြီး မြို့ကောင်စီထံက တည်ဆောက်မိန့်ရဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။