ဒီရာသီ မန်စီးတီး ချန်ပီယံလိဂ် ဖလား မြှောက်ပြီ လို့ အခိုင်အမာ ပြောလာတဲ့ ပရီးမီးယားလိဂ် လူဟောင်းကြီးများ

မနေ့ညက ကွာတားဖိုင်နယ်ပွဲ အပြီးမှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ခဲ့ပြီးနောက် မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ၎င်းတို့ရဲ့ ပထမဆုံး ဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ရီယိုဖာဒီနန်နဲ့ ဂျိုလီယွန် လက်စကော့က ဟောကိန်း ထုတ်ခဲ့ပါတယ်။

ပက်ဂွာဒီယိုလာရဲ့အသင်းဟာ တူချယ်ရဲ့အသင်းကို နှစ်ကျော့ပေါင်း ၄-၁ နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ မနှစ်က သူတို့ကို ဖြုတ်ချသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

စီးတီးဟာ သူတို့သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပဖလား အောင်မြင်မှုရဖို့ တစ်ရာသီလုံး ဘွတ်ကီဒိုင်တွေရဲ့ ထင်ကြေးပေးခံခဲ့ရပေမယ့် အခုဆိုရင် တကယ်ပဲ ဗိုလ်လုပွဲမှာ အောင်မြင်မှုရဖို့ အားသာနေပြီဖြစ်ပါတယ်။

မနေ့က အလိုင်းယန့်ဇ်အေရီနာက တစ်ဂိုးစီ သရေပွဲနဲ့အတူ စီးတီးတို့ နောက်တဆင့်ကို သာသာယာယာ တက်ရောက် သွားတာ မြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်ရေးဆရာနှစ်ယောက်လဲ ဒီနှစ်မှာ ပက်ဂွာဒီယိုလာရဲ့အသင်းနာမည်ကို ဖလားပေါ်မှာ မြင်တွေ့ရလိမ့်မယ်လို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

“သူတို့က အရင်နှစ်တွေကထက် ခံစစ်ပိုင်း ပိုပြီး အားကောင်းလာတယ်လို့ထင်တယ်။ ဒါကြောင့် ကျွန်တော်က မန်စီးတီးဖလားရမယ်လို့ ထင်ပါတယ်”ဆိုပြီး လက်စကော့က ပြောဆိုခဲ့တာပါ။

ရီယိုဖာဒီနန်ကလဲ “မပြောချင်ပေမယ့် မန်စီးတီးလို့ပဲ ပြောရမှာပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃နှစ်လုံး သူတို့ကို ကျွန်တော် ထောက်ခံခဲ့တာပါ။ အခုထိလဲ သူတို့ ဖလားရဖို့ ထောက်ခံနေဦးမှာပဲ။ သူတို့ အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်လို့ ထင်မိတယ်။ ဟာလန်းရဲ့ လွှမ်းမိုးမှုက ခြားနားချက် ဖြစ်စေမှာပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။