ဇယားအောက်ဆုံးက ဆောက်သမ်တန်ကို သရေကျပြီးနောက် မန်စီးတီးကို အနိုင်ကန်မယ်လို့ အာတီတာ စိန်ခေါ်

မန်စီးတီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ အာဆင်နယ် အသင်းဟာ မနေ့ည က ဆောက်သမ်တန်နဲ့ ပွဲကို ၃-၃ သရေ ကျသွားတာကြောင့် အလားအလာ မကောင်းတော့ဘူး ဖြစ်လာနေပါတယ်။

အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယား အဆင့် ၂ဝ – အောက်ဆုံးမှာ ရှိတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားပေမယ့် ဦးဆောင်ဂိုးတွေ ပေးခဲ့ရကာ နောက်ကနေ လိုက် ကစားခဲ့ရကာ ၃-၃ ရလဒ်နဲ့အတူ သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့တာကြောင့် မန်စီးတီးဟာ ပွဲကျန် နှစ်ပွဲ ရှိနေပေမယ့် ထိုပွဲတွေ အနိုင် ကစားနိုင်ရင် ဇယားထိပ် ရောက်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကတော့ လာမယ့် ပွဲ အီတီဟက်မှာ မန်စီးတီးကို အနိုင် ကစားနိုင်မှာသာ ဆက်လက် အသက်ဝင်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် နည်းပြ အာတီတာ က စီးတီးကို အနိုင် ကစားဖို့ စိတ်အားထက်သန်နေပြီး အစောကြီး ကြိုတင် စိန်ခေါ်စကားတွေ ဆိုလာပါတယ်။

” ကျနော်တို့ မန်စီးတီးကို အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်နေဆဲပါ။ ကျနော်ကတော့ ယုံကြည်ချက် ရှိပါတယ်။

အသင်းရဲ့ စိတ်ဓါတ်ပိုင်းက မယုံနိုင်စရာဖြစ်ပြီး သူတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားဦးမှာပါ။ ပွဲတွေကို ယှဉ်ပြိုင်ကစားဖို့ မစောင့်နိုင်အောင်ပါပဲ။

ဒီအခြေအနေမျိုးကို စောင့်နေရတာပါ။ မန်ချက်စတာကို သွားရမယ့် သိပ်ကောင်းတဲ့ ခရီးစဉ်ရှိတယ်။ အရာရာတိုင်း အတွက် လောင်းကြေးထပ်ထားရတာမို့ အဲ့ကိုသွားပြီး အနိုင်ယူရမယ်။ ကျနော်တို့ အကောင်းဆုံး ပြင်ဆင်မှာပါ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ပွဲဟာ အာဆင်နယ် အတွက် ဖိုင်နယ်ပွဲလား အမေးကိုတော့ အာတီတာက ” မဟုတ်ပါဘူး။ လက်ကျန် ပွဲတိုင်းက ကျနော် အတွက် အတူတူ အရေးကြီးပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။