ဒီည ဝင်ဘာလေမှာ ကန်မယ့် မန်စီးတီး – ရှက်ဖီး တို့ FA ဆီမီးဖိုင်နယ်ပွဲ အတွက် ခရစ်ဆက်တန် သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ဒီနေ့ည ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲ အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၁ဝး၁၅ နာရီ အချိန် ဖြစ်ပါတယ်။

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန် က စီးတီးနဲ့ ရှက်ဖီးတို့ ယှဉ်ပြိုင်ကြမယ့် အက်ဖ်အေ ဆီမီးပွဲစဉ် အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲမှာ ရှက်ဖီး အငှားခေါ်ထားတဲ့ စီးတီးအသင်းသား နှစ်ဦး ဖြစ်တဲ့ ဂျိမ်းစ် မက်အတီးနဲ့ တွန်မီ ဒွိုက်တို့ မပါဝင်နိုင်ဘူး ဆိုတာ ကျနော် အတော် မုန်းမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စည်းမျဉ်းတွေက မိခင်ကလပ်နဲ့ တွေ့ရင် အငှား ကစားသမားတွေက ဝင်ပါခွင့် မရှိဘူး ဆိုထားလို့ပါ။

ဒီစည်းကမ်း ကို ကျနော် သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီကလပ်အသင်းက အငှားလွှတ်လိုက်ပြီ ဆိုတည်းက သူတို့ အတွက် ကစားဖို့ လုံလောက် ကောင်းမွန်မှု မရှိလို့ပဲလေ။ ဘာဖြစ်လို့ သူတို့နဲ့ ပြန်တွေ့ရင် မကစားရဘူးလို့ ပိတ်ပင် ထားရမှာလဲ။

ကန်ဆယ်လို ဆိုရင် စီးတီးနဲ့ တွေ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ် ဘက်ကနေ ဝင်ကစားဖို့ ခွင့်ပြုခံရတယ်။ တူညီတဲ့ အခြေအနေ မျိုးမှာတောင်ပါ။ ဒါပေမယ့် အက်ဖ်အေကတော့ ယူအီးအက်ဖ်အေနဲ့ မတူတဲ့ အမြင်မျိုးနဲ့ စည်းကမ်း လုပ်ထားပါတယ်။ ဒီတော့ စီးတီးလူငယ်လေး နှစ်ဦးက ဒီပွဲ မပါဝင်ရတာ အမြဲ သတိရနေတော့မှာပါပဲ။

သူတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပါဝင် ကစားဖို့ အခွင့်အရေး ဘယ်လောက်များ ထပ်ရနိုင်ဦးမလဲ ဘယ်သူမှ မသိဘူးလေ။

ရှက်ဖီးယူနိုက်တက်က ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ မျက်စိတမှိတ် အနေအထားမှာ ရှိနေပါတယ်။ ဒီတော့ ဝင်ဘာလေမှာ ဘယ်လိုရလဒ် ထွက်သည် ဖြစ်စေ ဒီရာသီ သူတို့ အောင်မြင်တယ် ဆိုရမှာပါ။

သူတို့အပေါ် ဘာဖိအားမှ မရှိပါဘူး၊ ဒါပေမယ့် အက်ဖ်ဖလား ခရီးစဉ်က သူတို့ အတွက် ဒီမှာ ပြီးပါပြီ။ စီးတီးက လောလောဆယ် အလွန်တရာကို ကောင်းမွန်တဲ့ ခြေစွမ်း ရနေတာပါ။ ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ ပွဲ ရှိနေလို့ ဒီပွဲမှာ လူစာရင်း အပြောင်းအလဲတွေ လုပ်ရင်တောင် မန်စီးတီး က တောင့်တင်းလွန်းနေဦးမှာပါ။

အကြောင်း အမျိုးမျိုးကြောင့် ဒီတလော သီတင်းပတ်တွေမှာ ဝေါ်ကာ၊ လာပေါ့ထ်၊ မာရက်ဇ်၊ ဖီးဖိုဒန် စတဲ့ ကစားသမားတွေက သိပ် ကစားရတာ မရှိပါဘူး။ ပက် ဂွာဒီယိုလာ ဒါမျိုး ဖယ်ထုတ်ထားလေ့ ရှိတာတွေ ကျနေ်ာတို့ အကြိမ်ကြိမ် မြင်ခဲ့ဖူးပါပြီ။

ဒီပွဲကတော့ သူတို့ ဝင် အစွမ်းပြနိုင်မယ့် အခွင့်အရေးကောင်း တစ်ခုပါ။ ဒီပွဲကနေ ရာသီကုန် သီတင်းပတ် ပွဲတွေထဲ ဝင် ကစားဖို့ သူတို့ ထိုက်တန်ကြောင်း ပြသရပါမယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် လည်း ပေါမာဆန်နဲ့ ထပ်တူ အဖြစ် မန်စီးတီး 5-0 ရှက်ဖီး လို့ ဆိုထားပါတယ်။