ဒီရာသီ သမိုင်းဝင် ဆုဖလားကြီး သုံးလုံး ရခဲ့ရင် အပိုဆုကြေး များများရမယ့် မန်စီးတီး ကစားသမားများ

နည်းပြ ပက်ဂွာဒီယိုလာရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့က ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၄-၁ နဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီ စနေနေ့ည မှာလည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားဖို့ရှိနေပါတယ်။ ပြီးရင်တော့ ကြားရက်မှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်း ပွဲစဉ် ရှိနေပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ထိပ်တန်းကစားသမားတွေအနေနဲ့ ဒီရာသီမှာ သမိုင်းဝင်ဖလား ၃ လုံး ရရှိခဲ့မယ် ဆိုရင်တော့ တစ်ယောက်ကို အပိုဆုကြေး ပေါင် ၂ သန်းစီ ရရှိမယ်လို့ သိရပါတယ်။

လက်ရှိချန်ပီယံဟာ အာဆင်နယ်ထက် တစ်ပွဲလျော့အနေအထားနဲ့ ၄ မှတ်ကွာလျက်ရှိပြီး ၂၀၀၉ တုန်းက နောက်ဆုံး အကြိမ် ဖလား ၃ လုံးရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နောက်ပိုင်း ပထမဆုံး ဖလားသုံးရနိုင်တဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။

စီးတီးရဲ့ အပိုဆုကြေးစနစ်ကတော့ တစ်ဦးချင်းအခြေခံလစာထက် အသင်းအတွင်း သဘောတူညီမှုနဲ့ ခွဲဝေယူတာမျိုး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် ပေါင် ၂၀၀၀၀၀ ကနေ ပေါင် ၉၀၀၀၀၀ သိန်းနဲ့ အက်ဖ်အေဖလား ရရင်လည်း အဆိုပါပမာဏထက် မနည်းတဲ့ ဆုကြေးမျိုး ရရှိသွားမှာ ဖြစ်ပါတယ်။

အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကိုပါ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ကီဗင်ဒီဘရိုင်း အပါအဝင် အဓိက ကစားသမားအားလုံး အပိုဆုကြေး ပေါင် ၁ သန်းစီ ရရှိမှာဖြစ်ပါတယ်။ စီးတီးတို့ နောက်ဆုံးရရှိခဲ့တဲ့ ဥရောပအဆင့် အောင်မြင်မှုကတော့ ၁၉၇၀ တုန်းက Cup-Winners’ Cup ဖြစ်ပါတယ်။

စီးတီးကွင်းလယ်လူ ရိုဒရီကတော့ “ကျွန်တော်တို့ ဖလားတိုင်းကို ယူနိုင်ပါတယ်။ ဒီလိုဖလားတိုင်းကို စိန်ခေါ်နိုင်ဖို့ အရမ်းကောင်းမွန်တဲ့ ၇ လ၊ ၈ လလောက်ကို ကျော်ဖြတ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။