ဝင်ဘာလေက မှတ်တမ်းဆိုးတွေကို ချိုးဖျက်၊ မာရက်ဇ် ဟက်ထရစ်နဲ့ ရှက်ဖီးကို ဂိုးပြတ်နိုင်ကာ စီးတီး အက်ဖ်အေ ဗိုလ်လုပွဲ တက်သွားပါပြီ

မနေ့က စနေနေ့ည ဝင်ဘလေကွင်းကြီးမှာ ကစားတဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ မန်စီးတီး က ရှက်ဖီးယူနိုက်တက်ကို ၃-၀ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ မန်စီးတီးအတွက် သွင်းဂိုး သုံးဂိုးစလုံးကို ပွဲချိန် ၄၃ ၆၁ နှင့် ၆၆ မိနစ်တို့တွင် မာရက်ဇ်က သွင်းယူပေးခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ လာပေါ့တ်နဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ အယ်လ်ဗာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဟားလန်းနဲ့ မာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘာနာဒို ဆေးလ်ဗားကို ဘောလုံးမထိဘဲ သိမ်းဖျက်ခဲ့တဲ့ ရှက်ဖီးလ်ဒ်လူငယ်တိုက်စစ်မှူး ဂျက်ဘီဆန်ရဲ့ အမှားကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို မာရက်ဇ်က ဂိုးသမား ဖိုဒါရင်ဟမ် ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီဖြစ်တဲ့ ညာဘက်တိုင်ခြေကို အသာအယာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မက်စ်လိုးရဲ့ ဝါးနုက ဝါးရင့်ကို ပတ်ချင်တဲ့ အလိမ်အခေါက်မျိုးနဲ့ ကမျော့ခဲ့ရာမှာ မာရက်ဇ်က ဖြတ်လုပြီး တောက်လျှောက်ဆွဲပြေးပြီးမှ နားလည်မှုလွဲနေတဲ့ ရှက်ဖီးလ်ဒ်ခံစစ်ကြားကနေ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး အနိမ့်ဘော ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ မန်စီးတီးတို့ရဲ့ တတိယဂိုးကို မာရက်ဇ်ကပဲ သူ့ရဲ့ ဟက်ထရစ်အဖြစ် သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အပေးအယူလုပ်ပြီး တောင်ပံကို ချပေးရာမှာ ဂရီးလစ်ရှ်က ဘယ်ခြမ်းကနေ အတွင်းပြန်ဝင်လာပြီး ဧရိယာထဲကို အနိမ့်ဘော ခင်းပေးတာကို အယ်လ်ဂျီးရီးယားတိုက်စစ်မှူးက မနားတမ်း ကန်သွင်းပြီး ဂိုးသမား ဖိုဒါရင်ဟမ်ကို အနိုင်ယူသွားခဲ့တာပါ။

အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်မှာ ပထမဆုံး ဟက်ထရစ်ဖြစ်ခဲ့တဲ့ မာရက်ဇ်ရဲ့ အစွမ်းနဲ့ မန်စီးတီးတို့ အနိုင်သေချာသွားခဲ့အပြီးမှာတော့ ဂရီးလစ်ရှ်၊ ဟားလန်း၊ ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့အစား ပါးလ်မား၊ ဖိုဒန်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ရီကို လူးဝစ်တို့ကို ထည့်သွင်းပြီး အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အနားပေး သွားခဲ့ကြသလို ပွဲကို ထိန်းကစားခဲ့ပြီး ရှက်ဖီးလ်ဒ်တို့ ဘာမှ တုံ့ပြန်နိုင်စွမ်းမရှိအောင် ထိန်းချုပ်သွားခဲ့ကြပါတယ်။

မန်စီးတီး အသင်းဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် သုံးနှစ်ဆက်တိုက်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရတဲ့ အစဉ်အလာဆိုး ရှိခဲ့တာပါ။ ဒါ့အပြင်ပင် ဝင်ဘလေမှာ ကစားတဲ့ နောက်ဆုံး ၅ ပွဲတွင်လည်း ၄ ပွဲရှုံးနိမ့်ခြင်း အဖြစ် မှတ်တမ်းဝင်ထားပြီး ရှက်ဖီးယူနိုက်တက်ကို အနိုင်ရပြီါ်နောက် ထို အစဉ်အလာဆိုးများကို ကျော်လွှားနိုင်ခဲ့ပါတယ်။