မန်စီးတီးမှာ နေရာ မရ၊ အပယ်ခံ ဖြစ်နေတဲ့ ဝေါ်ကာ ကို ခေါ်ချင်တဲ့ အသင်း ရှိနေပါပြီ

စီးရီးအေ ကလပ် အေစီမီလန် အသင်း ဟာ ဒီနွေရာသီမှာ စီးတီးအပယ်ခံ ကစားသမား ဖြစ်နေတဲ့ ညာနောက်ခံလူ ကိုင်လီဝေါ်ကာကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ အီတီဟက် မှာ စာချုပ်တစ်နှစ် ကျန်ရှိသေးတာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ အရိပ်အယောင် မရှိခဲ့ပါဘူး။
ဇွန်လ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ စီးတီးနဲ့တွေ့နိုင်ခြေ ရှိတဲ့ အေစီမီလန် အသင်း ဟာ ဝေါ်ကာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝေါ်ကာဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ၊ ဆိုးရွားတဲ့ခြေစွမ်းတွေကြောင့် လိဂ် ၁၉ ပွဲသာ ကစားခဲ့ရပြီးတော့ သူ့အနေနဲ့ နေရာပြောင်းလဲ ကစားနိုင်စွမ်းမရှိဘူးလို့ ပက်ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ဂျွန်စတုန်းရဲ့ လက်ရှိနေရာကို ဆက်ခံဖို့ လိုအပ်တဲ့ နည်းဗျူဟာ လမ်းညွှန်ချက်ကို မလိုက်နိုင်ဘးလို့ ဂွာဒီယိုလာက ပြောပြခဲ့ပြီး စီးတီးက ဒီပုံစံအတိုင်း ဆက်သွားနေတာကြောင့် ဝေါ်ကာဟာ ဗဟိုခံစစ်မှာသာ ကစားခွင့် မျှော်လင့်လို့ရတာ ဖြစ်ပါတယ်။
“အတွင်းထဲထိ ဝင်ကစားဖို့ဆိုရင် လှုပ်ရှားမှုတချို့ လုပ်ရမယ်။ ကိုင်လီမှာက တခြားသော အရည်အသွေးတွေရှိပါတယ်။ ဒါပေယ့် နောက်တန်းသုံးယောက်၊ အလယ်နှစ်ယောက် ပုံစံနဲ့ဆိုရင် သူက မလုပ်နိုင်ဘူး။ ဒါက ကျွမ်းကျင်မှုနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ဒီနေရာမှ သူ အချိန်ယူဖို့ လိုအပ်နေပြီး ကျွန်တော်တို့မှာ ပေးစရာအချိန်မရှိဘူး ဖြစ်နေတယ်”လို့ ဂွာဒီယိုလာက ဆိုပါတယ်။
အင်္ဂလန်သားအနေနဲ့ ဘယ်လိုလုပ်ရင် ပွဲထွက်စာရင်းထဲ ပြန်လာနိုင်မလဲလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက “သူ့ပုံစံအတိုင်း ဆက်လုပ်ပြီးတော့ ကောင်းကောင်းလေ့ကျင့်ဖို့ပါပဲ။ သူက နောက်တန်း သုံးနေရာမှာ ကစားနိုင်တယ်။ သူ နေရာမရတာက နည်းဗျူဟာကြောင့်ပါ။ သူ့အပေါ် ယုံကြည်မှုမရှိလို့ မဟုတ်ပါဘူး”လို့ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။