ဒီည မန်စီးတီး – အာဆင်နယ်ပွဲ ဘယ်သူ နိုင်မလဲ နှစ်သင်းလုံးရဲ့ ကစားသမားဟောင်းကြီး အဖြေပေး

မန်စီးတီးနဲ့ အာဆင်နယ် နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ခံလူဟောင်း ကိုလိုတိုရေးကတော့ ဒီည ကစားကြမယ့် သူ့ အသင်းဟောင်း နှစ်သင်းရဲ့ ပွဲစဉ် အတွက် သုံးသသပ်မှုတွေ ပြုလုပ်လာပါတယ်။
၂၀၀၄ မှာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ရွှေဖလားကို အောင်မြင်ခဲ့တဲ့ ကိုလို တိုရေးဟာ လက်ရှိမှာတော့ နည်းပြလောကထဲကို ဝင်ရောက်လာနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ည ဂွာဒီယိုလာနဲ့ အာတီတာ ထိပ်တိုက်တွေ့မှုကို မန်နေဂျာကောင်း နှစ်ဦးကြား ရင်ဆိုင်ပွဲလို့ သူက ရှုမြင်ထားပါတယ်။
” အသင်းကောင်းနှစ်သင်းနဲ့ မန်နေဂျာကောင်း နှစ်ဦးကြားက မယုံနိုင်စရာ ယှဉ်ပြိုင်မှု ဖြစ်နေတာပါ။ ကျနော်အတွက်ကတော့ သူတို့ရဲ့ ပွဲတွေကို ကြည့်နေစဉ်မှာ ဘယ်လိုတွေ ကစားနေလဲဆိုတာ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်နိုင်ဖို့ ကြိုးစားရတာပါ။ နှစ်သင်းလုံးမှာ ကျနော် ကစားခဲ့ဖူးပြီး နှစ်သင်းလုံးကို မြတ်နိုးမိပါတယ် ” လို့ ကိုလို တိုရေးက ဖြေပါတယ်။
နှစ်သင်းလုံးက ဒီရာသီ တောက်လျှောက် ခြေစွမ်းနဲ့ ရလဒ်တွေ ကောင်းမွန်လာခဲ့ပြီး ဒီတလောမှာ အာဆင်နယ်က ရလဒ်ပိုင်း ထိခိုက်မှုတွေ ရှိနေပါတယ်။ မန်စီးတီးကတော့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြေးလမ်းတွေမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီညပွဲကို ဘယ်အသင်း အနိုင်ရသွားမလဲ ဆုံးဖြတ်ရာမှာတော့ ကိုလိုတိုရေးက ” ဒီနောက်ပိုင်း အာဆင်နယ်က သရေပွဲတွေ များနေပါတယ်။ မန်စီးတီးက ပွဲတွေကို ဆက်နိုင်နေပြီး သူတို့ကစားပုံလည်း ကောင်းနေတယ်။ ဒီပွဲမှာ မန်စီးတီးက အခွင့်အရေး များတယ်လို့ ပြောရမှာပါ။
ဘောလုံးက ဘောလုံးပါပဲ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော် အမြင်ကတော့ ဒီပွဲမှာ အရေးသာမှာ မန်စီးတီးပါပဲ။ သူတို့က အနိုင်ရလောက်တဲ့ ပုံစံကောင်းတွေ ရှိနေပါတယ် ” လို့ ခန့်မှန်းပေးခဲ့တာ ဖြစ်ပါတယ်။