အာဆင်နယ်နဲ့ ပွဲ အတွက် စိုးရိမ် ကြောက်လန့်မှု ရှိကြောင်း ဝန်ခံစကားဆိုလာတဲ့ ပက် ဂွာဒီယိုလာ

ဒီနေ့ည ပရီးမီးယားလိဂ်ဖလားပွဲမှာ အာဆင်နယ်ဆီက တန်ပြန် တုံ့ပြန်မှုတစ်ခု ထွက်လာမှာကို စီးတီး နည်းပြ ပက်ဂွာဒီယိုလာ စိုးရိမ်နေပါတယ်။

အာတီတာရဲ့အသင်းဟာ နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲပျောက်နေတာဖြစ်ပြီး အခုပွဲကို ရှုံးလိုက်ရင် လက်ရှိချန်ပီယံ မန်စီးတီးအတွက် အလေးသာသွားမှာကို သိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ပြင်းပြင်းထန်ထန် ရုန်းလာဖို့ ရှိနေပြီး ဒီရုန်းအားကြောင့် မခံစားရခြင်ဘူးလို့ ဂွာဒီယိုလာက ပွဲကြိုမှာ ထုတ်ပြောလာခဲ့တယ်။

“ အာဆင်နယ်နဲ့ ကစားရတာ အရမ်း ခက်ခဲမယ်ဆိုတာ အရင်ထဲက သိပြီးသားပါ။ ဒါပေမယ့် သူတို့တွေ ၃ပွဲဆက် အမှတ်တွေ လျော့ထားလို့ အခုပွဲက ပုံမှန်ထက်တောင် အများကြီး ပိုခက်ခဲတော့မယ်။ ဖြစ်နိုင်ရင် ကျွန်တော်ကတော့ သူတို့တွေ ရလဒ်ကောင်းတွေနဲ့ ဒီကိုလာကစားတာပဲ လိုချင်ပါတယ်။

အခုတော့ သူတို့က နိုင်ပွဲပျောက်နေတယ်။ ဒါကြောင့် ပွဲက ပိုပြီး ခက်ခဲလာတော့မယ်။ ကျွန်တော် မခံစားရချင်ဘူး၊ ပြိုင်ဘက်တွေမှာ အခွင့်အရေးတွေရှိနေတယ်။ ပွဲရဲ့ မိနစ် ၉၀ လုံးကို ထိန်းချုပ်ထားနိုင်ဖို့ နေ့တိုင်း ကျွန်တော် ကြိုးစားနေပေမယ့် တခါတလေ အဲ့လို မဖြစ်နိုင်ဘူးဆိုတာ လက်ခံထားရမယ်။

ကိုယ့်အသင်း ကစားပုံ ဆိုးရွားပြီး ပြိုင်ဘက်တွေက ကောင်းတာတွေ လုပ်နိုင်သွားတာမျိုး ဖြစ်နိုင်တယ်။ ကျွန်တော်တို့ နောက်ခံလူတွေက ကောင်းကောင်းခုခံကစားပြီး အသင်းကို ခိုင်မာကျစ်လစ်နေစေပေမယ့် အာဆင်နယ်ရဲ့ ကစားပုံကြောင့် တောင့်ခံထားဖို့ မလွယ်လောက်ဘူး ” လို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

ဒီပွဲက ဖလားအဆုံးအဖြတ်ပွဲလို့ နာမည်တပ်ဖို့ ဂွာဒီယိုလာ ငြင်းပယ်ခဲ့ပေမယ့် အရေးပါတဲ့ ပွဲတွေ မတိုင်ခင်မှာ သူစိုးရိမ်နေတတ်ဆဲဖြစ်ပြီး အာဆင်နယ်ပွဲအတွက် ကြောက်ရွံ့တဲ့ ခံစားချက်မျိုးတွေ ရှိနေပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ နည်းနည်းလေး စိတ်လှုပ်ရှားပူပန်တာက ကောင်းတဲ့လက္ခဏာပါ။ ဒီလိုမျိုး စိုးရိမ်ပူပန်တတ်တာ၊ ကြောက်ရွံ့ တတ်တာက လူ့သဘာဝပါ။ ကျွန်တော်ကတော့ အဲ့ဒီ့လို စိုးရိမ်ပူပန်မှု ဖြစ်နေတာကို ကြိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ညတော့ အိပ်ပျော်ပါတယ်။

ဘောလုံးအားကစားမှာ ပြီးပြည့်စုံမှု မရှိဘူး။ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရရင် ကိုယ့်အဆင့်အတန်းက မြင့်မား နေရမယ်။ ပွဲရဲ့ တောင်းဆိုမှုအရပေါ့။ အာဆင်နယ်က အဲ့လိုထိပ်တန်းအသင်းမျိုးပါ။ ပွဲကိုချုပ်ကိုင်နိုင်ဖို့ ကိုယ့်အဆင့်အတန်းက မြင့်နေမှရမယ် ”လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။