ပရီးမီးယားလိဂ်က မန်စီးတီး လက်ထဲ ရောက်ပြီ၊ ဒါကို အရ ဆုပ်ကိုင်ရမယ်လို့ ဂွာဒီယိုလာ ကြွေးကြော်

မန်ချက်စတာစီးတီးအသင်းဟာ မနေ့ညက အိမ်ကွင်းမှာ အာဆင်နယ်ကို ၄-၁ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှာ သိသိသာသာ အသာစီး ယူသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်နဲ့နောက် ဒုတိယနေရာမှာပဲ ဆက်ရှိနေသေးတယ် ဆိုပေမယ့် လက်ကျန် ၂ ပွဲ အနိုင်ရရင် အာဆင်နယ်ကို ၄ မှတ် ဖြတ်နိုင်မှာမို့ ဒီရာသီ ချန်ပီယံဖြစ်လာဖို့ အတော် အလေးသာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ညက ပွဲအပြီးမှာ အာဆင်နယ်ကို ဂိုးပြတ် အနိုင်ယူပြီးတဲ့နောက် မန်စီးတီး ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး မျှော်လင့်နိုင်ပြီလား အမေးကို ဂွာဒီယိုလာက ခုလို တုန့်ပြန်ခဲ့ပါတယ်။

” နိုင်ပွဲတွေက အကူအညီဖြစ်ပါတယ်။ အသင်းက အက်ဖ်အေဖလား ဖိုင်နယ်ကို ရောက်ခဲ့ပြီး ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် တက်လှမ်းနိုင်ခဲ့တဲ့နောက် ကျနော်တို့က အတော်လေး ပင်ပန်းနေခဲ့ကြတာပါ။

အာဆင်နယ်က ကျနော်တို့ထက် ၂ မှတ်သာနေသေးလို့ ရပ်တန့်လို့တော့ မရပါဘူး။ ကျနော်တို့ ကိုယ် ကစားရမယ့် ပွဲကျန်တွေကို နိုင်ရပါမယ်။ အာရုံစူးစိုက်မှုကို ရပ်လို့ မရပါဘူး။

ဒါပေမယ့် အခုချိန်မှာ ပရီးမီးယားလိဂ်က ကျနော်တို့ လက်ထဲမှာပါ။ ကိုယ့် လက်ထဲမှာ ရှိနေတာကို ဆုပ်ကိုင်နိုင်ရပါမယ် ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ညကပွဲမှာ မန်စီးတီးအတွက် သွင်းဂိုးကို ပထမပိုင်း အစမှာတင် ဒီဘရိုင်းက သိပ်ကောင်းစွာ ပြေးလွှားပြီး အဝေး ကန်ချက်ဖြင့် ရယူပေးခဲ့ကာ စတုန်းက ဒုတိယဂိုး ရယူပေးခဲ့တယ်။

ဒုတိယပိုင်းမှာ ဒီဘရိုင်း တတိယ ဂိုး သွင်းခဲ့ပြီး ၈၆ မှာ ဟိုးဒင်း ချေပဂိုး တစ်ဂိုး ပြန်သွင်းပေမယ့် ဟာလန်း က ပွဲသိမ်း ဂိုး ထပ်သွင်းလိုက်တာကြောင့် ဂန်းနားတို့ ၄-၁ နဲ့ အပြတ် အသတ် ရှုံးသွားခဲ့တာပါ။