အာဆင်နယ်ပွဲမှာ ထူးချွန်ခြေစွမ်း ပြခဲ့ပေမယ့် အသင်းဖော်တွေ စိမ်းကားခြင်းကို ရင်ဆိုင်ခဲ့ရတဲ့ ဒီဘရိုင်း
အာဆင်နယ်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ ပွဲအပြီးမှာ မန်စီးတီးအသင်းဖော်တွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ခြင်း မရှိပါဘူး။
အဆိုပါပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ပွဲစဉ်ဖြစ်တာကြောင့် အတော်လေး အာရုံစိုက်ခံရပါတယ်။ ပွဲအပြီးမှာ သတင်းဌာနတွေ၊ ရုပ်သံဌာနတွေနဲ့ အင်တာဗျူး ဆက်တိုက် လုပ်ခဲ့ရတဲ့ ဒီဘရိုင်းဟာ သူအဝတ်လဲခန်းထဲ ရောက်ချိန်မှာ အသင်းဖော်တွေ ပြန်သွားကြတာကို ရင်ဆိုင်ခဲ့ရတာပါ။
အာဆင်နယ်ကို အနိုင်ရခြင်းအတွက် မန်စီးတီးအသင်း ဘယ်လို အောင်ပွဲခံသလဲ မေးခံရချိန်မှာ ဒီဘရိုင်းက ” တကယ်ပြောရရင် အင်တာဗျူး ၁၅ ခုလောက်ကို ဆက်တိုက် လုပ်နေခဲ့ရတာဗျာ။ ကျနော်လည်း အသင်း အဝတ်လဲခန်းထဲ ရောက်သွားရော အသင်းသား အများစုက မရှိကြတော့ဘူး ” လို့ ရယ်ရယ်မောမော ဖြေဆိုခဲ့ပါတယ်။
အဆိုပါပွဲအပြီး ခရာမှုတ်လို့ မန်စီးတီး ကစားသမားတွေ အောင်ပွဲခံရင်း ပြိုင်ဘက်တွေကို နှုတ်ဆက် ထွက်ခွာနေချိန် ဖိုဒန်နဲ့ ဘမ်ဝှိုက်တို့ အချင်းများမှု ဖြစ်ခဲ့ပါသေးတယ်။ ထရော့ဇက်ကို လက်ဆွဲနှုတ်ဆက်ပြီး ကွင်းထဲက လှည့်ထွက်တော့မယ့် ဖိုဒန်ကို ဘမ်ဝှိုက်က ပြေးလာပြီး ဂျာစီကို လည်ဂုတ်ကနေ ကိုင်ဆွဲခဲ့တာပါ။
ဖိုဒန်က အတင်း ပြန်တွန်းလွှတ်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကို ဖြန်ဖြေပေးဖို့ နှစ်သင်း ကစားသမားတွေ ပြေးလာခဲ့ကြကာ ဟာလန်းက ဘမ်ဝှိုက်ကို ဒေါသထွက်စွာ ပြန်လည် အော်ငေါက်နေခဲ့ပါတယ်။
မိနစ်ဝက်လောက် နှစ်သင်းကစားသမားတွေ စုအုံနေမှု ဖြစ်ခဲ့ကြပေမယ့် မကြာခင်မှာတော့ လူစုခွဲလိုက်နိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆုဖလား မျှော်လင့်ချက်ကို ပျက်ဆီးသလောက် ဖြစ်ခဲ့တာမို့ အာတီတာနဲ့ ကွင်းထဲက သူ့ကစားသမားတွေ အတော်လေးကို စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။