မန်စီးတီးကို ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ပါ ရစေချင်ပြီး အားပေးနေတဲ့ နယ်သာလန် ကလပ်အသင်း

မန်ချက်စတာ စီးတီး အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို အောင်မြင်နိုင်ရေး အတော်လေး ရေပန်းစားနေပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နောက် ၂ မှတ်အကွာ ဒုတိယနေရမှာပဲ ရှိနေ သေးပေမယ့် ၂ ပွဲလျော့ ကစားထားတာပါ။ လက်ကျန်ပွဲတွေကို အနိုင်ရမယ်ဆိုရင် မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းသွားမှာပါ။

ဒါ့အပြင် အက်ဖ်အေဖလားမှာ ဖိုင်နယ်အဆင့်ထံ ရောက်ရှိနေပြီး မန်ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့နေကာ ချန်ပီယံလိဂ် မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။

မန်စီးတီးဟာ ၁၃ ရက်အတွင် ဖလား ၃ လုံး ကိုင်မြောက်နိုင်မယ် မျှော်လင့်ခွင့်ရှိထားပြီး အဲ့လိုဖြစ်လာဖို့ မန်စီးတီး ပရိသတ်တွေနည်းတူ အားပေးကြမ်းနေကြမယ့် သူတွေကတော့ နယ်သာလန်ကလပ် ဖီယင်နု အသင်းပဲ ဖြစ်ပါတယ်။

ဒီရာသီ နယ်သာလန် အမှတ်ပေးလိဂ်ကို ဦးဆောင်ထားတဲ့ ဖီယင်နုအသင်းဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပြည်တွင်း အမှတ်ပေး ချန်ပီယံ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါဆိုရင် ချန်ပီယံလိဂ်ကို တိုက်ရိုက် ဝင်ခွင့် ရမှာဖြစ်ပေမယ့် UEFA coefficient အမှတ်ပေးမှုအရ ချန်ပီယံဖြစ်ရင်တောင် Pot 3 ကနေပဲ ဝင်နိုင်မှာပါ။

အကြောင်းကတော့ ဥရောပ ထိပ်တန်းလိဂ် ၆ ခုနဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ချန်ပီယံအသင်းတွေကိုပဲ Pot 1 နေရာ ပေးမှာဖြစ်လို့ပါပဲ။ ဒီရာသီ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်ဆိုရင်တော့ ဖီယင်နုက အပိုထွက်ပေါ်လာမယ့် Pot 1 နေရာကို ရရှိမှာ ဖြစ်ပါတယ်။

Pot 1 ရမှပဲ ဖီယင်နုဟာ ချန်ပီယံလိဂ်မှာ မန်စီးတီး၊ ပီအက်စ်ဂျီ၊ နာပိုလီတို့လို ဥရောပ အင်အားကြီး ကလပ်တွေဖြင့် အုပ်စုတွင်း ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် အရေးကနေ ကင်းလွတ်မှာပဲ ဖြစ်ပါတယ်။