ရူဘင် ဒီယက်စ် က ဘန်ဝှိုက်ကို ကန်မိခဲ့ပေမယ့် အနီကဒ် ပြ၊ ထုတ်ပယ် မခံရတဲ့ အကြောင်းအရင်းနဲ့ ထောက်ခံမှု

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ မန်စးတီး ကစားသမား ရူဘင်ဒီယက်စ်ကို ထုတ်ပယ်ခြင်းမပြုတဲ့ မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မက်ခ် ကလက်တန်ဘက်က ထောက်ခံခဲ့ပါတယ်။
မန်စီးတီးက ဂန်းနားတွေကို ၂-၀ နဲ့ အသာရထားချိန်အတွင်း အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ဟာ ထောင့်ကန်ဘော အလံတိုင်အနီးမှာ ဘောလုံးရထားခဲ့ပါတယ်။ အဲ့ဒီ့မှာ ဒီယက်စ်က ဘောလုံးကို အတင်းဝင်လုဖို့ ကြိုးစားရာကနေ မြက်ခင်းပေါ် လဲကျသွားခဲ့တာပါ။
လဲကျနေစဉ်အတွင်း စီတီးနောက်ခံလူဟာ ဝှိုက်ရဲ့ ဒူးအနောက်ဘက်ကို ကန်လိုက်သလို မြင်တွေ့ခဲ့ရပါတယ်။ ကွင်းလယ် ဒိုင် အိုလီဗာဟာ အာဆင်နယ်ကို ဖရီးကစ် ပေးလိုက်ပြီးတော့ ဒီယက်စ်ကို အဝါကဒ်ပြလိုက်ပေမယ့် ဂန်းနားတွေကတော့ ဒီယက်စ်ဟာ ပိုပြီးပြင်းထန်တဲ့ အပြစ်ဒဏ်နဲ့ ထိုက်တန်တယ်လို့ ထင်မြင်နေခဲ့တာပါ။
VAR ဒိုင်လူကြီး ဒေးဗစ်ကွတ်တ်က ဒီဖြစ်ရပ်ကို ပြန်လည်စစ်ဆေးခဲ့ပေမယ့် ဒီယက်စ်ကို အနီကဒ် ပြောင်းလဲပြသဖို့ အကြောင်းရင်း ရှာမတွေ့ခဲ့ပါဘူး။
ပရီးမီးယားလိဂ်မှာ ၁၃ နှစ်ကြာ ဒိုင်လုပ်ခဲ့တဲ့ ကလက်တန်ဘက်ကလဲ အိုလီဗာရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပေးခဲ့တာပါ။
ဒီယက်စ်အနေနဲ့ ဝှိုက်ကိုကန်လိုက်တဲ့အချိန်မှာ ဘယ်လောက်အားသုံးတယ်ဆိုတာကို ကြည့်ပြီး VARက အနီကဒ်မပြဖို့ သုံးသပ်ခဲ့တာဖြစ်နိုင်တယ်လို့ ကလက်တန်ဘက်က ဆိုပါတယ်။
နောက်ခံလူရဲ့ ကန်ချက်ဟာ အနည်းငယ်သာ အားပါခဲ့တယ်လို့ ၎င်းက ယူဆခဲ့ပြီး အဝါကဒ်လောက်က သင့်တော်ပါတယ် လို့ ရှင်းပြခဲ့ပါတယ်။
“ဒိုင်တွေက အနီကဒ်ဖြစ်နိုင်ခြေကို ရှာဖွေခဲ့ကြတယ်။ ရူဘင်ဒီယက်စ်က ဘန်ဝှိုက်ကို ကန်တဲ့အချိန်မှာ အားပါခဲ့လား ဆိုပြီးတော့ပေါ့။ သူကန်လိုက်တာ အားမပါဘူး။ စိတ်ချဉ်ပေါက်ပြီး ကန်လိုက်တာမျိုးပါပဲ။ ဒါက အဝါကဒ်လောက်ပဲ ပြရမယ့် အနေအထားလို့ VAR ဆုံးဖြတ်ခဲ့တာ မှန်ကန်ခဲ့ပါတယ်”လို့ ကလက်တန်ဘက်က ပြောကြားခဲ့တာဖြစ်ပါတယ်။