စီးတီး ဘယ်နှဂိုး သွင်းမလဲ အတိအကျ ထည့်ပြောခဲ့တဲ့ ခရစ်ဆက်တန်ရဲ့ ဖူလ်ဟမ်နဲ့ ပွဲ ဟောကိန်းထုတ်မှု

မန်ချက်စတာစီးတီးဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာလည်း လန်ဒန် တစ်သင်း ဖြစ်တဲ့ ဖူလ်ဟမ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်မှာပါ။

ဘီဘီစီ သတင်းဌာနရဲ့ ပင်တိုင် ပွဲ သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ ဖူလ်ဟမ် – မန်စီးတီး ပွဲ အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လောလောဆယ် အားလုံး လက်ခံထားကြတဲ့ သဘောတရား ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲက ပြီးသွားပါပြီ။ မန်ချက်စတာ စီးတီးကပဲ ဒီ ၆ ရာသီအတွက် ၅ ကြိမ်မြောက် ချန်ပီယံ ဖြစ်တော့မှာပါ။ စီးတီးက ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ ပွဲမှာ တကယ်ကို ကောင်းခဲ့တာပါ။ သူတို့က ဂန်းနားတို့ကို တကယ်ပဲ ပါဝါပြ ကစားသွားခဲ့တယ်။

ခုနေမှာ တစ်ခုတည်းသော သံသယ ဖြစ်စရာက စီးတီးဟာ လူစာရင်း အပြောင်းအလဲတွေ လုပ်ရင် ဟန်ချက် ဆက် ညီနေပါ့မလား ဆိုတာပါပဲ။

ဒါက လိဂ်ပွဲတွေကလည်း ရှိ၊ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေကလည်း မေ ၉ ရက်နဲ့ ၁၇ ရက်မှာ ရှိနေတော့ တကယ့် အရေးကြီးဆုံး ကိစ္စပဲ။ ဒီတော့ ဒီတပတ်ပွဲကိုလည်း သူတို့ အလှည့်ကျ လူချန် ကစားတာတွေ ဘာတွေ လုပ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ဖူလ်ဟမ် ကို ကျနော် မှားယွင်း အပြစ်တင်ခဲ့ပါသေးတယ်။ ဒီတနင်္ဂနွေမှာတော့ သူတို့ ဂိုးသွင်းမယ်လို့ ထင်တယ်။ စီးတီးကတော့ ၃ဂိုးထိ သွင်းမှာ။

မန်စီးတီးက ပွဲစဉ်တွေ ဆက်တိုက် ကြပ်နေ တာကြောင့် တချိန်ချိန်မှာ အမှတ်လျော့ကောင်း လျော့ပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲတော့ မဟုတ်ဘူး။ ” လို့ ဆက်တန် က သုံးသပ် ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ဖူလ်ဟမ် ၁-၃ မန်စီးတီး ဖြစ်ပါတယ်။