သူ ကစားခဲ့တဲ့ မန်ယူ အသင်း ဆိုရင် ဟာလန်းကို အိပ်ကပ်ထဲထည့်ပြီး စီးတီးကို ဂိုးပြတ် နိုင်တယ် လို့ ဖာဒီနန် ကြွားလုံးထုတ်

ဒီရာသီ ဆု ဖလားသုံးလုံး ရဖို့ ကြိုးစားနေတဲ့ လက်ရှိ မန်စီးတီး အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် လက်အောက်မှာ သူ ကစားခဲ့ဖူးတဲ့၊ အောင်မြင်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို မယှဉ်နိုင်ဘူးလို့ ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

၁၉၉၉ တုန်းက ယူနိုက်တက်တို့ ဖလားသုံးလုံး ရခဲ့တယ်ဆိုပေမယ့် ဖာဒီနန်က သူရယ်၊ ရော်နယ်ဒို၊ ဝိန်းရူနီတို့လို ကစားသမားတွေ ပါဝင်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အသင်းဟာ ကလပ်သမိုင်းမှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲ့တုန်းက အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဖာဂူဆန် လက်ထက်က အဆိုပါ ယူနိုက်တက်ရဲ့ အကောင်းဆုံးအသင်းဟာ အခု ဂွာဒီယိုလာ လက်အောက်မှာ တောက်ပနေတဲ့ မန်စီးတီးကို အနိုင်ရမလား ဆိုတဲ့ မေးခွန်းကို ဖာဒီနန်က အခုလို တုန့်ပြန်လာခဲ့ပါတယ်။

“ ခက်တယ်။ ဒါက ခက်ခဲတဲ့ပွဲတွေ ဖြစ်လိမ့်မယ်။ ပက်ရဲ့အသင်းတွေက ရင်ဆိုင်ရတာ ခက်ပါတယ်။ သူ့ရဲ့ ဘာစီလိုနာ ကို ကျွန်တော်တို့ အရေးနိမ့်ခဲ့ ဖူးတယ်လေ။ ဒါကြောင့် အခု မန်စီးတီးမှာရှိတဲ့ အရည်အချင်းတွေနဲ့၊ ဟာလန်း ဒီဘရိုင်းတို့ရဲ့ ပေါင်းစပ်မှုနဲ့ ဆိုရင် ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က ၃-၁ နဲ့ အနိုင် ရမယ်လို့ ထင်တယ် ” ဆိုပြီး ဖာဒီနန်က ပြောပါတယ်။

တင်ဆက်သူ ဂျိတ်ဟမ်ဖရေးနဲ့ သုံးသပ်သူတွေဖြစ်တဲ့ အိုဝင်ဟားဂရေ့ဗ်၊ ဂျာမိန်းဂျီနက်စ်တို့က ဖာဒီနန်ရဲ့ နောက်ဆုံး မှတ်ချက်စကားကို ရယ်မောခဲ့ကြပါတယ်။

ဟာလန်းကို ငြိမ်နေအောင် ထိန်းထားနိုင်ပါ့မလားလို့ ဟမ်ဖရေးက မေးမြန်းခဲ့ရာ ဖာဒီနန်က သူ့အိတ်ကပ်ကိုကြည့်ပြီး ‘ဒီထဲက တစ်နေရာရာမှာ ဟာလန်း ရောက်နေမှာပါ”လို့ ဟာသလုပ်ကာ ပြန်ဖြေခဲ့ပါတယ်။

ဖာဒီနန်ဟာ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် ဒီရာသီ ပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၄၉ ဂိုး သွင်းယူခဲ့တဲ့ ဟာလန်းကို တားဆီးဖို့ဆိုတာက ခက်ခဲတဲ့ တာဝန်တစ်ရပ် ဖြစ်မှာသေချာပါတယ်။

ဆက်လက်ပြီး ဖာဒီနန်က “ကျွန်တော်တို့ တိုက်ခိုက်ပြီးတော့ သူတို့နဲ့ ခြေရည်တူ ကစားရပါလိမ့်မယ်။ သူတို့က သိပ်ကောင်းတဲ့ အသင်း တစ်သင်း ဆိုတာတော့ ငြင်းလို့မရဘူး”လို့ ပြောကြားခဲ့ပါတယ်။