ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ စီးတီးက ဘယ်ပြိုင်ပွဲကို ဦးစားပေးမလဲ ပက်ဂွာဒီယိုလာ ထုတ်ပြော

မန်ချက်စတာ စီးတီးအသင်းဟာ ဒီရာသီမှာ အဓိက ဖလားသုံးလုံးအတွက် အလားအလာရှိနေပြီး ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲမှာ ပြိုင်ဘက် အာဆင်နယ်ထက် ပိုပြီး ထိန်းချုပ်နိုင်ခွင့် ရှိနေပါတယ်။ အက်ဖ်အေဖလား ဖိုင်နယ်မှာလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

ဂါာဒီယိုလာဟာ မန်စီးတီးရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက်လဲ ကြိုးပမ်းပေးနေတာဖြစ်ပြီး နောက်လ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမှာပါ။

ဒါပေမယ့် ဂွာဒီယိုလာကတော့ အဲ့ဒီ့ ဆီမီးဖိုင်နယ်ပွဲ မနီးခင်အချိန်အထိ ပြည်တွင်းပွဲတွေအပေါ်မှာပဲ အာရုံ စိုက်ထားဦးမယ် လို့ ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ ဘယ်ပြိုင်ပွဲကိုမဆို သက်သက်ကြီး ဦးစားပေးဖို့ အချိန်မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ ချန်ပီယံထပ်ဖြစ်ဖို့က ချန်ပီယံလိဂ်လိုမျိုး တူညီတဲ့အဆင့်အတန်းမှာရှိပါတယ်။

ဒီမှာ အပတ်တိုင်းမှာ အသင်းတိုင်းနဲ့ ကစားရတယ်။ အခုချိန် ကျွန်တော့်အာရုံက ဒီတစ်ပတ် ဖူလ်ဟမ်နဲ့ပွဲအပေါ်မှာ ရှိနေပါတယ်။ အဲ့ဒါပြီးရင်တော့ ဝက်စ်ဟမ်း၊ လိဒ်စ်တို့ပေါ့။ အဲ့ဒါတွေပြီးမှ မက်ဒရစ်အတွက် ပြင်ဆင်ရမှာပါ”လို့ ဂွာဒီယိုလာက ပြောပါတယ်။

ဂွာဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်ထက် ၂ပွဲလျော့ ကစားထားတာဖြစ်သလို ဖူလ်ဟမ်ကို အနိုင်ရရင် ဩဂုတ်လ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးနေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။

စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ် နှစ်ပွဲကြားမှာ ပရီးမီးယားလိဂ် ပွဲအဖြစ် တန်းဆင်းဇုန်တိုက်ပွဲထဲက အဲဗာတန်နဲ့ အဝေးကွင်းမှာ ကစားရဦးမှာ ဖြစ်ပါတယ်။