ဂန်းနား တစ်ဦးကို ချိန်နေတဲ့ ပက်၊ ပြောခံနေရတဲ့ စီးတီးဆိုင်များ၊ စူပါကွန်ပျူတာနဲ့ နောက်ဆုံးထွက် မန်စီးတီး သတင်းများ

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်းကို အနိုင်ယူပြီး ယခုရာသီ ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိခဲ့ပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးဘူးဆိုပြီး အသင်းသားတွေကို သတိပေးခဲ့ပါတယ်။
မန်စီးတီး နောက်ခံလူ ဝေါ်လ်ကာကတော့ ယခုလို ပွဲမကစားမှုအပေါ် မုန်းတီးမိကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဆင့်-၂ နေရာနဲ့ အခုဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့မယ် ဆိုရင် အောင်မြင်မှုတစ်ခုပါပဲလို့ ဂွာဒီယိုလာက ထုတ်ပြော လာပါတယ်။
စူပါကွန်ပျူတာရဲ့ နောက်ဆုံး ထွက် တွက်ချက်မှုမှာ မန်စီးတီး ပရီးမီးယားလိဂ် ဖလားရနိုင်ခြေ ၉၀% ရှိနေပြီလို့ ဖော်ပြ လာပါတယ်။
မန်ချက်စတာစီးတီး အသင်းဟာ အာဆင်နယ်နောက်ခံလူ ကီရန် တီယာနီကို ယခုနွေရာသီမှာ ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စီစဉ်နေတယ်လို့ အင်္ဂလန် သတင်းတွေအရ သိရပါတယ်။
ရီးရဲလ် ကွင်းလယ်လူ လူကာမိုဒရစ်ဟာ အပေါ့စား ဒဏ်ရာတစ်ခုနဲ့အတူ ဂျီရိုနာနဲ့ပွဲမှာ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် ကိုပါဒယ်ရေးဖိုင်နယ်၊ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပထမအကျော့ ပွဲတွေမှာ သူ ပါဝင်ကစားနိုင် မလားဆိုတာကို ဆေးအဖွဲ့နဲ့ နည်းပြဟာ နောက်ဆုံးမိနစ်အထိ စောင့်ကြည့်မယ် လို့ သိရပါတယ်။
မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ အစားအသောက်တွေကို ပုံမှန်ထက် ဈေးပိုတင် ရောင်းချနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု ပြင်းပြင်းထန်ထန် ကြုံတွေ့နေရပါတယ်။
ငါးအသားကြော် နဲ့ အာလူးချောင်းကြော် ပွဲသေးတစ်ပွဲကို ၁၀ ပေါင်နဲ့ ရောင်းချနေတဲ့ စီးတီး ကွင်းအတွင်း ဈေးဆိုင်တွေဟာ ပေးရတဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ တုန့်ပြန်မှုမျိုး မရှိဘူးလို့ ဝေဖန်နေကြတာပါ။