ဖူလ်ဟမ်ကို အနိုင်ကန်ပြီး ဂန်းနားတို့ကို ကန်ထုတ်၊ အမှတ်ပေး ဇယား ထိပ်ကို သိမ်းပိုက်လိုက်တဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးကတော့ ဒီည အဝေးကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်သိမ်းပိုက် ရယူလိုက်ပါတယ်။

ဒီဘရိုင်း မပါဝင်နိုင်ခဲ့ပေမယ့်လည်း ဟာလန်းက ပွဲအစ ၃ မိနစ်မှာပဲ ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ စတင်နိုင်ခဲ့ပြီး နိုင်ပွဲရဖို့အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အိမ်ရှင် ဖူလ်ဟမ်အတွက် ဗင်နီရှပ်က ချေပဂိုးပြန်သွင်းခဲ့လို့ မန်စီးတီးနည်းနည်းပျာခဲ့ရပြီး အယ်လ်ဗာရက်ဇ်ရဲ့ ဂိုးကြောင့် ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်တို့ တပွဲလုံးမှာ တကြိမ်တည်းသာ ဂိုးပေါက်တည်ခဲ့ပြီး မန်စီးတီးက ၉ ကြိမ်အထိ ရှိခဲ့ပေမယ့် အဆိုပါသွင်းဂိုး နှစ်ဂိုးတည်းနဲ့သာ အဆုံးသတ်နိုင်ခဲ့ပြီး အရေးပါတဲ့နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

အာဆင်နယ်တို့ ဒီတပတ်မကစားရခင်မှာ မန်စီးတီးက ၁ မှတ်အသာနဲ့ ဇယားထိပ်ကို ဦးဆောင်လိုက်ပြီး အာတီတာ တို့ကို ပြန်လည်ပြီး ဖိအားပေးလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲနွှဲရမယ့် အာဆင်နယ်တို့ မန်စီးတီး နိုင်ပွဲကြောင့် ရက်ပေါင်းအတော်ကြာဦးဆောင်ခဲ့တဲ့ ဇယားထိပ်ဆုံးနေရာကို လက်လွှတ်လိုက်ရပါတယ်။

၂ပွဲအထိ ပွဲကျန်ကစားဖို့ရှိနေသေးတဲ့ မန်စီးတီးတို့ ဆုဖလားအတွက် အခြေအနေက ကောင်းသည်ထက် ကောင်းလာခဲ့ပြီ ဖြစ်ကာ ဟာလန်းကလည်း ဂိုးသွင်းစံချိန်တင်ခဲ့ပြီး နောက်တဂိုးထပ်ပေါင်းနိုင်ခဲ့လို့ ကျေနပ်စရာနိုင်ပွဲဖြစ်ခဲ့ရပါတယ်။ ဟာလန်းရဲ့ လိဂ်ဂိုးက ၃၄ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးပေါင်း ၄၀ အထိ သွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။