မကြားစဖူး သွင်းဂိုးတွေနဲ့ အစွမ်းပြနေတဲ့ ဟာလန်းက နှစ်ပေါင်း ၁ဝဝ ကျော် တင်ထားတဲ့ စံချိန် တစ်ခုကို ဒီရာသီ ချိုးဖျက်နိုင်တော့မလား
မချက်စတာ တီးအသင်းရဲ့ ဂိုးသွင်းစက် နာမည်ကျော်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ မနေ့ညက ဖူလ်ဟမ်ကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးတဲ့နောက် အင်္ဂလန် ဘောလုံးသမိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ သွင်းဂိုးစံချိန်တစ်ခုကို ချိုးဖျက်နိုင်ဖွယ် ရှိလာပြီ ဖြစ်ပါတယ်။
ဒီရာသီအစကမှ မန်စီးတီးကို ရောက်ရှိခဲ့တဲ့ ဟာလန်းဟာ အသင်းအတွက် မယုံနိုင်လောက်အောင် ခြေစွမ်းပြ ဂိုးတွေသွင်းနေပြီး အခု ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲအစ(၃)မိနစ်မှာပဲ ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။
ဒီဂိုးဟာ မန်စီးတီးအသင်းအတွက် ဟာလန်းရဲ့ ပြိုင်ပွဲစုံသွင်းဂိုး (၅၀)ပြည့်ဖြစ်ပြီး သူ့ သွင်းဂိုးအရေအတွက်က ဒီရာသီ ပရီးမီးယားလိဂ် ကလပ်တွေက ကစားသမား(၂၁)ဦးထက် ပိုများသလို ပရီးမီးယားလိဂ် ကလပ်အသင်း(၇)သင်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး အရေအတွက်ထက်တောင် ပိုများနေပါတယ်။
အင်္ဂလန်ဘောလုံးသမိုင်းမှာ ကလပ်အသင်း တစ်သင်းအတွက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံ၊ သွင်းဂိုး(၅၀)နဲ့အထက် သွင်းယူနိုင်တာက နှစ်ပေါင်း(၉၂)အတွင်း ဟာလန်းက ပထမဆုံးကစားသမားပါပဲ။
ဒီရာသီမှာ ဟာလန်းရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၁.၁၄)ဂိုးနှုန်းရှိနေပြီး အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း သွင်းဂိုး အများဆုံးစံချိန်ရှင် ဒစ်ဆီဒင်းရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။
အဲဗာတန်ဂန္ထဝင်တိုက်စစ်မှူးဒစ်ဆီဒင်းဟာ ၁၉၂၇-၂၈ ရာသီမှာ ပြိုင်ပွဲစုံ (၄၁)ပွဲကစား၊ (၆၃)ဂိုးအထိ သွင်းယူခဲ့ပြီး အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
နှစ်ပေါင်း(၉၅)နှစ်အတွင်း ဒစ်ဆီဒင်းရဲ့ စံချိန်ကို ဘယ်သူမှ အမီမလိုက်နိုင်ဘဲ အခု ဟာလန်းက စံချိန်သစ်တင်နိုင်ဖို့အထိ နီးစပ်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်(၆)ပွဲ၊ FA ဖလားဗိုလ်လုပွဲကစားဖို့ ကျန်နေသေးသလို ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအဆင့်အထိ တက်နိုင်မယ်ဆိုရင် (၃)ပွဲကစားရမှာဖြစ်လို့ စုစုပေါင်း(၁၀)ပွဲကစားရမယ့်အနေအထားပါပဲ။
အခုလောလောဆယ် ဟာလန်းဟာ ဒစ်ဆီဒင်းရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ (၁၄)ဂိုး လိုအပ်နေပေမယ့် လက်ရှိဂိုးသွင်းနှုန်းအရ မဖြစ်နိုင်စရာအကြောင်းတော့ မရှိပါဘူး။
ဟာလန်းအနေနဲ့ ဒစ်ဆီဒင်းရဲ့ စံချိန်ကို မချိုးဖျက်နိုင်ရင်တောင် (၆၃)ဂိုးအရေအတွက်ကို အမှီလိုက်နိုင်ဖို့ အနီးစပ်ဆုံး တိုက်စစ်မှုး ဖြစ်နေပါတယ်။