ကစားသမားတွေ မဲပေးမှုကနေ ပေါ်ထွက်လာတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ၅ ဦးမှာ ဒီဘရိုင်း မပါဝင်

မနှစ်က နွေရာသီမှာ မန်စီးတီး အသင်းခေါင်းဆောင် ဖာနန်ဒင်ညို ထွက်ခွာသွားတဲ့နောက် စီးတီး ကစားသမားတွေဟာ ခေါင်းဆောင်သစ်အတွက် အဝတ်လဲခန်းအတွင်း မဲပေးမှု လုပ်ခဲ့ကြပါတယ်။

ထိုမဲပေးမှုမှာ ဂန်ဒိုဂမ်က ကပ္ပတိန်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ရူဘင်ဒီယက်စ်၊ ဝေါ်ကာနဲ့ ရိုဒရီတို့လို စီနီယာ ကစားသမားတွေ က ခေါင်းဆောင်အဖွဲ့ဝင်တွေ ဖြစ်ခဲ့ပါတယ်။

ထူးထူးခြားခြားအဖြစ် ဒီဘရိုင်း မပါတော့တဲ့ စီးတီး ခေါင်းဆောင် ၅ ဦးထဲမှာ ဂိုးသမား ကာဆန် ပါဝင်နေခဲ့ပါတယ်။

မဲပေးမှုနဲ့ ပတ်သက်ပြီး ကွင်းလယ်လူ ဂန်ဒိုဂမ်က “ အသင်းဖော်တွေက ကျွန်တော့်ကို ကပ္ပတိန်အဖြစ် ရွေးချယ်ပေးလို့ ဂုဏ်ယူပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီဘရိုင်းသာ ဖြစ်ခဲ့ရင်လည်း ကျွန်တော် ပျော်မိမှာပါ။ ဘာလို့လဲဆိုတော့ ဒီအဆင့်မှာ တာဝန်တွေ အများကြီး ခွဲယူရတာပဲလေ။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အသင်းကို ဦးဆောင်ပေးမယ့် ကပ္ပတိန် ၅ ယောက် ရှိလာပြီ။ ဒါကြောင့် ကျွန်တော်က တစ်ယောက်ထဲလို့ မမှတ်ယူပါဘူး။ ခေါင်းဆောင်ပိုင်းက အဖွဲ့တစ်ခုဖြစ်ပြီး ကျွန်တော့်ကို ကူညီပေးမယ့် နောက်ထပ် အသင်းဖော် ၄ယောက်ရှိနေလို့ ကျွန်တော် ပျော်ပါတယ်။

မန်ချက်စတာမှာ မွေးပြီး ကြီးပျင်းခဲ့သူ မဟုတ်တဲ့ သူတစ်ယောက်အနေနဲ့ ဒီကလပ်ရဲ့ ကပ္ပတိန်ဖြစ်ရတာ အရမ်း ဂုဏ်ယူမိပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ကစားသမားဟောင်းဟာ အီတီဟဒ်မှာ ရှိနေတဲ့ လေးနှစ်နီးပါးအတွင်း ကလပ်မှာ မထင်မရှား ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့် ပရိသတ်တွေ ထင်တာထက် ပိုအရေးပါတဲ့နေရာကနေ ပါဝင်နေသူပါ။ သူ့လို လူက စီးတီးရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်နေတာကို ဂွာဒီယိုလာက မအံ့ဩပါဘူး။

“ လူငယ်ကစားသမားတွေကို ကျွန်တော်ပေးနိုင်တဲ့ အကောင်းဆုံးအကြံက အဝတ်လဲခန်းထဲရော ကွင်းထဲမှာပါ စကော့ကာဆန်နား များများနေဖို့ပဲ။ အဲ့ဒါက ကျွန်တော်နဲ့နေတာထက် ပိုကောင်းလိမ့်မယ်။ သူနဲ့အတူ အချိန်များများ ကုန်ဆုံးပြီး သူပြောတာတွေနားထောင်၊ အာရုံစိုက်မယ်ဆိုရင် သူတို့ ကစားသမားဘဝတွေအတွက် တန်ဖိုးရှိပါတယ် ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။