ဝေဖန်ခံရလေ့ ရှိတဲ့ အသင်းဖော် ဂရီးလစ်ရှ် ရဲ့ ကောင်းကွက်တွေ ဖော်ထုတ်ပြလိုက်တဲ့ ဒီဘရိုင်း

ဒီရာသီ မန်စီးတီးရဲ့ ဖလား ၃ လုံး စိန်ခေါ်မှုမှာ တိုက်စစ်သမား ဂျက် ဂရီးလစ်ရှ် ဟာ အဓိကကျတဲ့ အသင်းဖော် တစ်ယောက် ဖြစ်တယ်လို့ ဒီဘရိုင်းက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဂရီးလစ်ရှ် ဟာ လွန်ခဲ့တဲ့ ၂ ရာသီခွဲလောက်က ဗြိတိန်စံချိန်တင်ကြေး ပေါင် သန်း ၁၀၀ နဲ့ စီးတီးကို ပြောင်းလာခဲ့ ပြီးနောက် ဂွာဒီယိုလာရဲ့ အသင်းမှာ အံဝင်ဖို့ အချိန်ယူခဲ့ရသူပါ။ ဒါပေမယ့် မန်စီးတီးရဲ့ အောင်မြင်မှုတွေမှာ ကွင်းလယ် ဘုရင် ဖြစ်ခဲ့တဲ့ ဒီဘရိုင်းကတော့ ဂရီးလစ်ရှ် ကို အတော်လေး လေးစားမှုရှိပါတယ်။

ဂရီးလစ်ရှ်ဟာ ဂိုး၊ ဖန်တီးမှု အရေအတွက်နဲ့ မကြာခဏ အကဲဖြတ်ခံခဲ့ရပြီး ဒီရာသီမှာ သူဟာ ကိုယ်တိုင် ၅ ဂိုးပဲ သွင်းယူနိုင်ပေမယ့်လို့ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားနိုင်ခဲ့ပါပြီ။ တကယ်တမ်းမှာ သူ့အရည်အချင်းက အဲ့ထက်ပိုပြီး ကောင်းမွန်တယ်လို့ ဒီဘရိုင်းက မှတ်ချက်ပေးခဲ့ပါတယ်။

“ ကျွန်တော်တို့ အသင်းကို လာကစားရတာက ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် ဂရီးလစ်ရှ် က ဒီနှစ်ထဲမှာ ကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်။ လူတွေက အမြဲတမ်း အချက်အလက်ကိုပဲ ဦးစားပေးကြတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့အတွက် သိပ်အရေးပါတဲ့ အလုပ်တွေ လုပ်ပေးနေတာပါ။

ကျွန်တော်တို့ ပွဲတွေအများကြီး အနိုင်ရတယ်။ သူက ပွဲတိုင်းနီးပါး ပါဝင်ကစားပြီး အသင်းအတွက် အရေးပါတဲ့ အစိတ် အပိုင်း ဖြစ်လာခဲ့ပါတယ်။ သူ့အတွက် ကျွန်တော် အရမ်းပျော်တယ်။ ကစားပွဲမှာ အချက်အလက် တချို့ လုပ်ပြ လိုက်ရင် သူနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြည့်က ပြောင်းလဲသွားမှာပါ။

သူများတွေ ဘယ်လိုပဲ မြင်နေကြပါစေ သူ့အပေါ် ကျွန်တော်တို့ အသင်းဖော်တွေရဲ့ အမြင်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူက မန်စီးတီးအတွက် တကယ်ကောင်းတဲ့ အရာတွေကို လုပ်ပေးနေတာ ကျွန်တော်တို့ သိပါတယ် ” လို့ ဒီဘရိုင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။