ဂိမ်းဆော့မယ်၊ အိပ်မယ် စားမယ်၊ ဂိုးသွင်းမယ် လို့ပဲ ရိုးရှင်းတဲ့ အတွေးရှိကြောင်း ဝက်စ်ဟမ်းနဲ့ ပွဲ အပြီးမှာ ဟာလန်း ဖွင့်ဟ

မန်ချက်စတာ စီးတီးဟာ မနေ့ညက ဝက်စ်ဟမ်းကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ခဲ့ရာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိ သွားပါတယ်။ ဂိုးတွေကို အကီ၊ ဟာလန်းနဲ့ ဖိုဒန် တို့က တစ်ဂိုးစီ သွင်းယူခဲ့တာပါ။
မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၃၅) ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ သူ့အတွက်သာမက ပရီးမီးယားလိဂ်မှာပါ စံချိန်သစ်ဖြစ်ခဲ့ပါတယ်။
ဒီဂိုး အရေအတွက်က အလန်ရှီးယား၊ အန်ဒီကိုးလ်တို့ သွင်းယူခဲ့တဲ့ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး အရေအတွက်စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ မန်စီးတီး အသင်းဖော်တွေ၊ နည်းပြ အဖွဲ့ဝင်တွေက ဟာလန်းကို ကွင်းအတွင်းမှာ ဂုဏ်ပြုခဲ့ကြပါတယ်။
ဒါပေမယ့် ဟာလန်းကတော့ ပွဲအပြီးအင်တာဗျူးမှာ စံချိန် မှတ်တမ်းတွေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ဟာလန်းက “ကျွန်တော် မနက်ဖြန် မနက်နိုးလာရင်တော့ လိဒ်စ်နဲ့ပွဲမှာ (၃) မှတ် ရယူဖို့ကိုပဲ တွေးဖြစ်မှာပါ။ နောက်ထပ် စံချိန်တွေ ရိုက်ချိုးဖို့ ဒါမှမဟုတ် ကျွန်တော့်ကို ရူးသွားစေလောက်တဲ့ အရာတွေကို မစဉ်းစားနိုင်ပါဘူး”
“ကျွန်တော် အိမ်ပြန်မယ်၊ ဗီဒီယိုဂိမ်းအချို့ ကစားမယ်၊ တစ်ခုခုစားမယ်၊ ပြီးရင် အိပ်ပါမယ်။ ဘာဗီဒီယိုဂိမ်းလဲဆိုတာတော့ ကျွန်တော် မပြောပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါက ရှက်ဖို့ကောင်းလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းက “ထူးခြားတဲ့ည၊ ထူးခြားတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး ကျွန်တော် တကယ်ပျော်သလို ဂုဏ်လည်း ယူမိပါတယ်။ ဒီထက် ဘာပြောစရာရှိဦးမှာလဲ။ ပွဲမစခင် ကျွန်တော်နဲ့ ဂရီလစ်ရှ်တို့ စကားပြောဖြစ်ခဲ့ပြီး သူက ကျွန်တော် စံချိန်ချိုးမယ့် ဂိုးအတွက် ဖန်တီးပေးချင်တယ်ပြောခဲ့ပါတယ်။ သူ့ဆီကနေ ပြီးပြည့်စုံတဲ့ ဖန်တီးမှုကို ရရှိခဲ့ပါတယ်” လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။