ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေရဲ့ ဂိုးသွင်း စံချိန်ကို ရာသီတောင် မကုန်သေးဘဲ သာသာယာယာ ကျော်ဖြတ်လိုက်တဲ့ ဟာလန်း

မန်စီးတီးအသင်းဟာ မနေ့ညက ဝက်စ်ဟမ်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီး မှာ အမှတ်ပေးဇယား ထိပ်ကို ပြန်တက်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲအပြီးမှာ စီးတီးအသင်းဖော်တွေက တိုက်စစ်မှူး ဟာလန်းကို အထူး ဂုဏ်ပြုတဲ့ guard of honour ပြုလုပ်ပေးခဲ့ကြပါတယ်။

ဒီပွဲမှာ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့တဲ့ ဟာလန်းက ပရီးမီးယားလိဂ် အထင်ကရ ဂန္တဝင်ကြီးတွေဖြစ်တဲ့ အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတို့ရဲ့ တစ်ရာသီ သွင်းဂိုး အများဆုံး စံချိန်ကို ကျော်ဖြတ်သွားနိုင်လို့ အသင်းဖော်တွေက ဂုဏ်ပြုပေးခြင်း ဖြစ်ပါတယ်။

ပထမဆုံး ရာသီမှာပဲ ပရီးမီးယားလိဂ် သွင်းဂိုး ၃၅ ဂိုး အပါအဝင် ပြိုင်ပွဲစုံ သွင်းဂိုး ၅၁ ဂိုး ရခဲ့ပြီဖြစ်တဲ့ ဟာလန်းဟာ အန်ဒီကိုးလ်၊ အလန်ရှီးယားတို့လို ဂန္တဝင် နှစ်ယောက်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားခဲ့တာပါ။

မန်ယူတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ဟာဆိုရင် ၃၄ ဂိုး စံချိန်ကို ၁၉၉၃-၉၄ ဘောလုံးရာသီမှာ ရခဲ့တာဖြစ်ပြီး နယူးကာဆယ် တိုက် စစ်မှူးဟောင်း အလန်ရှီးယားကတော့ ၁၉၉၄-၉၅ ရာသီမှာ ရခဲ့တာပါ။ အဲဒီ ကစားသမား ၂ ယောက်စလုံးဟာ ၃၄ ဂိုး ရဖို့အတွက်ကို အဲဒီအချိန်တုန်းက တစ်ရာသီလုံး ပွဲစဉ်ဖြစ်တဲ့ ၄၂ ပွဲအထိ ကစားခဲ့ကြရပါတယ်။

ဟာလန်း ကတော့ ပရီးမီးယားလိဂ်ရောက်တဲ့ တစ်ရာသီအတွင်း ထာဝရ ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်ကို ရာသီပြီးဆုံးသည်အထိ စောင့်စရာမလိုဘဲ ၃၃ ပွဲအပြီး မှာတင် ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် ၁၉၂၇-၂၈ တုန်းက Dixie Dean သွင်းယူခဲ့တဲ့ တစ်ရာသီ ၆၅ ဂိုး စံချိန်ကို အမှီလိုက်နိုင်မယ့် တိုက်စစ်မှူးအဖြစ် ဟာလန်းကို ရှုမြင်လာကြပါပြီ။ အင်္ဂလန်ဘောလုံးသမိုင်းမှာ အဆိုပါစံချိန်ကို အနီးကပ်ဆုံး ရောက်နိုင်တဲ့သူတောင် ပေါ်ထွက် မလာခဲ့သေးတာ ဖြစ်ပါတယ်။

နော်ဝေသားဟာ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၂ ဂိုး သွင်းထားပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေတာ ဖြစ်တဲ့အတွက် နောက်ထပ် ၃ ပွဲအထိ ကစားခွင့် ရနိုင်တဲ့ အလားအလာမျိုး ရှိနေပါတယ်။ နောက်ပြီး ဟာလန်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း မန်စီးတီးအတွက် ၃ ဂိုး သွင်းပေးထားပြီး ဗိုလ်လုပွဲအဆင့်ကို ရောက်နေသူဖြစ်ပါတယ်။