မန်စီးတီး ရှိပေမယ့် အာဆင်နယ် ပရီးမီးယားလိဂ် ရနိုင်သေးတယ်လို့ ယုံကြည်ကြောင်း ဆိုလာတဲ့ ဇင်ချန်ကို
အာဆင်နယ် ကစားသမား ဇင်ချန်ကိုက ဆုဖလားပြိုင်ပွဲအတွက် မန်စီးတီးနဲ့ ယှဉ်ဖို့ ၎င်းတို့ရဲ့ အင်အားကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီလို့ ယုံကြည်နေပြီး ရာသီကုန်အထိ တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပဲလို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ၄ ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ထိန်းချုပ်ခွင့် ပြန်လည်ပေးအပ်ခဲ့ရပေမယ့်လည်း ဇင်ချန်ကိုက ချဲလ်ဆီးကို အနိုင်ရရှိခဲ့မှုက ဆုဖလားပြိုင်ပွဲအတွက် ယုံကြည်မှု ပြန်လည်ရရှိစေခဲ့ပြီး တစ်သင်းလုံးက အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်သေးတယ်လို့ ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။
“ခင်ဗျား ယုံကြည်မှုမရှိဘူးဆိုရင် ကစားနေစရာ ဘာအကြောင်းမှမရှိတော့ဘူး။ အဲဒီတော့ ကျွန်တော် ယုံကြည်မှုရှိတယ်။ ကျွန်တော် ရောက်ရောက်ချင်းပဲ ဒီက လူအားလုံးရဲ့ အရည်အသွေးတွေက မယုံနိုင်စရာကောင်းတယ်လို့ ပြောခဲ့တယ်။ အင်အားလည်း အတူတူပါပဲ။
အဲဒီတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်သာ အလုပ်လုပ်ရင် ဒီဘဝမှာ အရာအားလုံးက ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်။ အဲဒါက ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတဲ့အရာပဲ”
“ကျွန်တော်တို့ ဒီရာသီမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြတယ်။ ကျွန်တော်တို့ အရမ်းကောင်းကောင်း အလုပ် လုပ်ကြတယ်။ ကျွန်တော်တို့ အချိန်တော်တော်ကြာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိခဲ့ကြတယ်။ ပြီးတော့ ရုတ်တရက်ပဲ ဒီလိဂ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်။
ကျွန်တော်တို့ ရမှတ်အချို့ လျော့ကျခဲ့တယ်။ ချဲလ်ဆီးပွဲမတိုင်ခင် အားလုံးစိတ်ပျက်ခဲ့ကြတယ်ဆိုတာ အမှန်ပဲ။ အခု ကျွန်တော်တို့ အနိုင် ၃ မှတ်ရခဲ့တယ်။ အင်အားက ပြန်ရနေပြီလို့ ကျွန်တော် မျှော်လင့်မိပြီး လာမယ့်ပွဲတွေမှာ ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကစားဖို့ ခက်ခဲတဲ့ပွဲအချို့ ရှိနေလို့ပါ”
“ကျွန်တော်တို့ ကစားဖို့ ပွဲအနည်းငယ်ရှိနေပြီး အရာအားလုံးက ဒီလိဂ်မှာ ဖြစ်နိုင်ပါတယ်။ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်နေတယ်။ ဘာလို့လဲဆိုတော့ ဒီရာသီအတွင်းမှာ ကျွန်တော်တို့ အရမ်းပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ကြလို့ပါ။
ချဲလ်ဆီးနိုင်ပွဲက ကျွန်တော်တို့အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လုပ်နိုင်ဖို့၊ အဝတ်လဲခန်းထဲက စိတ်ခံစားမှုအတွက်၊ ကျွန်တော်တို့ရဲ့ လိဂ်ရပ်တည်မှုအပိုင်းအတွက်ရော အရမ်းအရေးပါတယ်။ အဲဒီတော့ ဆက်ပြီး လုပ်ကြရအောင်။ ကျွန်တော်တို့ ပရိသတ်တွေက အရာအားလုံးနဲ့ ထိုက်တန်တယ်။ သူတို့တွေ ကျွန်တော်တို့ကို တွန်းအားပေးတဲ့ပုံစံက ကျွန်တော်တို့ ဆက်သွားဖို့၊ ဆက်ပြီး တိုက်ပွဲဝင်ဖို့၊ ကွင်းထဲမှာ အရာအားလုံး ပေးဖို့အတွက် စိတ်ဓာတ်ခွန်အား အပိုထပ်ဆောင်းပေးသလိုမျိုးပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်ဒီဟောင်းရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ ကြိုးပမ်းနေတဲ့ အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ် အိမ်ကွင်း စိန့် ဂျိမ်းစ်ပါ့ခ်ကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးနိုင်ဖို့ မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။
