မက်ဆီ လို အရည်အသွေးမျိုးတွေ ဟာလန်း ဘယ်လို ပိုင်ဆိုင်ထားသလဲ အမွှန်းတင်လာတဲ့ ပက် ဂွာဒီယိုလာ

စီးတီး တိုက်စစ်မှူး ဟာလန်းဟာ အထင်ကရ တိုက်စစ်မှူး မက်ဆီလိုမျိုး သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် ပြင်းပြတဲ့ ဆာလောင်မှုတွေ ရှိထားတယ်လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာမှာ မက်ဆီကို နည်းပြခဲ့တာဖြစ်ပြီး အတော်လေး အတွဲညီခဲ့တာပါ။ ဒီရာသီ သူ့လက်အောက် မန်စီးတီးမှာ ဂိုး ၅၀ သွင်းထားတဲ့ ဟာလန်းကလည်း ထာဝရအကောင်းဆုံး ကစားသမား မက်ဆီနဲ့ တူညီတဲ့ ညဉ်မျိုး ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဘာကာမှာ ၉ ရာသီအတွင်း ၂၀၁၁-၁၂ ရာသီ ၇၃ဂိုး အပါအဝင် ဂိုး၅၀နဲ့အထက် သွင်းခဲ့တာ ၆ ရာသီ ရှိခဲ့ပါတယ်။ ဟာလန်းနဲ့ မက်ဆီနဲ့ယှဉ်ရင် ခန္ဓာကိုယ်ပုံစံ ကွာခြားပေမယ့် စိတ်နေစိတ်ထား၊ ပြင်းပြ ထက်သန်မှု တွေမှာ မက်ဆီနဲ့ အတူတူပဲလို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဂွာဒီယိုလာက မက်ဆီနဲ့ ဟာလန်းတို့ကို နှိုင်းယှဉ်ရာမှာ “ သွင်းဂိုးတွေ၊ စိတ်ဓာတ်ပိုင်းတွေမှာ အတူတူပါပဲ။ မက်ဆီ ကတော့ အဲ့ဒါကို ၁၀နှစ်၊ ၁၅နှစ်လောက် လုပ်ပြခဲ့တာပါ။

ဟာလန်းကလည်း ဆဲဘက်၊ ဒေါ့မွန်တို့မှာတည်းက သွင်းဂိုးတွေနဲ့ ပတ်သက်ရင် တူညီတဲ့ အဆင့်အတန်းမှာ ရှိခဲ့တယ်။ ပွဲတိုင်းနီးပါး သူဂိုးသွင်းတယ်။ ပွဲတိုင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်တော့ ရှိပါတယ်။

ဒါပေမယ့် မက်ဆီကတော့ ဘောလုံးအမြင်၊ အလိမ်အခေါက်၊ ပေးပို့မှု၊ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတွေမှာ ပြီးပြည့်စုံဆုံး ကစားသမားလို့ ကျွန်တော်ထင်တယ်။ ဟာလန်းက လီယိုလိုမျိုး ဖြစ်လာဖို့ နီးစပ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက်ရော သူ့အတွက်ပါ ကောင်းလိမ့်မယ် ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ မန်စီးတီးက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်ဆိုရင် ဘလွန်းဒီအောဆု ပြိုင်ဆိုင်ပွဲမှာ ဟာလန်းဟာ ကမ္ဘာ့ဖလား အောင်မြင်ထားတဲ့ မက်ဆီရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။