ဖိုဒန် ကြောင့် ဒီရာသီ မန်စီးတီး ပရီးမီးယားလိဂ် ရသွားလို့ မဖြစ်ဘူးလို့ မနာလိုသံနဲ့ ဆိုလာတဲ့ နဗီးလ်

သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေကို ရွေးချယ်တဲ့ Hall of Fame အကြောင်း ပြောဆိုရင်း မန်စီးတီး ဒီရာသီ ပရီမီးယားလိဂ် ချန်ပီယံ ရသွားမယ် ဆိုရင် ဖီးလ် ဖိုဒန်က မယုံနိုင်လောက်တဲ့ အောင်မြင်မှုတွေ ရသွားမှာ ဖြစ်လို့ လုံးဝကို လက်မခံနိုင်စရာပဲ လို့ ခါးခါးသီးသီး ဆိုလိုက်ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်ကို လုံးဝ ဖြတ်ချနိုင်ခဲ့မယ် ဆိုရင် သူတို့ ၃ရာသီ ဆက်တိုက် ဖလားရသွားမှာ ဖြစ်သလို ဖိုဒန်ကလည်း အသက် ၂၃ နှစ် အရွယ်မှာတင် ပရီးမီးယားလိဂ် ချန်ပီယံ ၅ ကြိမ် ဖြစ်သွားမှာပါ။

ဖိုဒန်က လက်ရှိ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဒီရာသီ နောက်ဆုံးရက် ဖြစ်တဲ့ မေ ၂၈ ရက်၊ မန်စီးတီးရဲ့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဉ်နေ့မှာ အသက် ၂၃ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ အင်္ဂလန်သား လူငယ်လေးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၇ ပွဲ ပါဝင် ကစားထားရာ ၁၀ ဂိုးသွင်း၊ ၅ဂိုး ထောက်ပံ့မှု လုပ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး နဗီးလ်က ပရီးမီးယားလိဂ် Hall of Fame မှာ လက်ရှိ ဘယ် ကစားသမားတွေ ပါဝင် သင့်သလဲ ဆိုတာကို ဆွေးနွေးရင်း ဖိုဒန်အကြောင်း ထည့်ပြောလာခဲ့တာပါ။

” လူတိုင်း ထည့်ပြောမှာကတော့ ကီဗင် ဒီဘရိုင်းပဲ။ အာဆင်ဝင်းဂါးကလည်း သူ့နာမည် မနေ့က ထည့်ပြောခဲ့တယ်၊ ကျနော်လည်း ဒါကို သဘောတူတယ်။

နောက်ပြီး မိုဟာမက် ဆာလာ လည်း ဒီစာရင်းမှာ ပါလာမှာပဲ။ အာလင်း ဟာလန်း.. သူလည်း နောက်တစ်ရာသီလောက် နေရင် ပါလာနိုင်တယ်။ ဟာလန်းက စံချိန်တွေကို အေးအေးဆေးဆေးကို ကျော်ဖြတ် သွားမှာ။

ဒီစာရင်းမှာ ဘယ် လူငယ် ကစားသမား ပါလာနိုင်သလဲ ဆိုရင်… ဖီးလ် ဖိုဒန်ပဲ။ ခင်ဗျားတို့ သတိထားမိလား မသိဘူး။ ဒီရာသီကုန်မှာ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရင် ဒီကောင်လေးက အမှတ်ပေးဖလား ရတာ ၅ လုံး ရှိပြီဗျ။

သူ့အသက်ကမှ ၂၃ နှစ်ပဲ ရှိသေးတယ်ဗျာ။ တကယ့်ကို လက်မခံချင်စရာကြီးဗျာ။ ဖြစ်သင့်ရဲ့လား။ ” လို့ နဗီးလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီထွက် လူငယ်လေး ဖြစ်ပြီး မန်ချက်စတာကလပ် စီနီယာအသင်းကြီးမှာ စတင် ကစားတည်းက ၂၀၉ ပွဲ ကစားပြီး ၅၉ ဂိုး သွင်း၊ ဂိုး ၄၀ ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။