ဂွာဒီယိုလာလို သူလည်း မန်စီးတီးကို ဖလား ၃ လုံး လမ်းကြောင်းထဲ ပို့ပေးနိုင်တယ်လို့ ပြောလာသူ

ဆမ်အလာဒိုက်က သူဟာ မန်စီးတီးက ပက်ဂွာဒီယိုလာ နေရာမှာဆိုရင် ဖလားသုံးလုံး အောင်မြင်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၆၈ နှစ်အရွယ် နည်းပြပြီးဟာ ရာသီကုန်ဖို့ ၄ပွဲကျန်ချိန်မှာ လိဒ်စ်ယူနိုက်တက်ကို တာဝန်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ တာဝန်ကတော့ ကလပ်ကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် ထိန်းပေးဖို့ပဲ ဖြစ်ပါတယ်။

အလာဒိုက်ဟာ သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း ဂယက်ထအောင် လုပ်ခဲ့တာဖြစ်ပြီး သူ့ကိုယ်သူ ဂွာဒီယိုလာ၊ ကလော့ပ်၊ အာတီတာတို့နဲ့ နှိုင်းယှဉ်ခဲ့ပြီးတော့ ‘ဘောလုံးရေးရာမှာ သူ့ထက်သာတဲ့သူ ဘယ်သူမှမရှိဘူး’လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အလာဒိုက်လက်အောက် လိဒ်စ်ရဲ့ ပထမဆုံးပွဲဟာ စနေနေ့မှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အများကတော့ မန်စီးတီးပဲ အေးအေးဆေးဆေး နိုင်သွားဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ အလာဒိုက်က သူ နည်းပြလောကထဲ ပြန်လာတဲ့အကြောင်းကို ဆွေးနွေးပေးခဲ့ပြီး သူသာ မန်စီးတီးမန်နေဂျာဆိုရင် ဒီရာသီ ဂွာဒီယိုလာ အားထုတ်နေသလို ဖလားသုံးလုံး စိန်ခေါ်ပေးနိုင်မလားဆိုတဲ့ မေးခွန်းကို ဖြေကြားပေးခဲ့ပါတယ်။

“ သိပ်လုပ်နိုင်တာပေါ့။ ကစားသမားကောင်းတွေက မင်းကို နည်းပြကောင်း ဖြစ်စေတာပါ။ မင်းအလုပ်က အဲ့ဒီ့ကစားသမားတွေနဲ့ ဆက်သွယ်နိုင်ဖို့ပဲ။ ဖလားသုံးလုံးအတွက် ပြိုင်ဆိုင်ရတာက ပိုလွယ်တယ်လို့ မပြောချင်ပေမယ့် တန်းဆင်းဇုန်း တိုက်ပွဲထက်တော့ အများကြီးပိုပြီး ပျော်စရာကောင်းမယ် ထင်ပါတယ်။

ကျွန်တော့်မှာသာ ကစားသမားကောင်းတွေ ရထားမယ်ဆိုရင် ညဘက်တွေ ကောင်းကောင်းအိပ်ပျော်မှာပါ ” လို့ အလာဒိုက်က ဖြေကြားခဲ့တာပါ။

လိဒ်စ်ဟာ လီဗာပူး၊ ပဲလေ့စ်၊ ဘုန်းမောက်တို့ကို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်အထက် ကပ်သီလေး ရပ်တည်နေတာဖြစ်ပြီး တန်းမဆင်းရရေး ရလဒ်ကောင်း အနည်းငယ် လိုအပ်နေပြီပဲ ဖြစ်ပါတယ်။