ဂန်ဒိုဂန် ဟက်ထရစ် မရခဲ့ပေမယ့် မန်စီးတီးတို့ လိဒ်စ်ကို အနိုင်ယူပြီး ၃ မှတ် အပြည့် ယူ၊ မျှော်မော ဖြစ်နေဆဲ အာဆင်နယ်

မန်ချက်စတာ စီးတီးအသင်းက ဒီညမှာ လိဒ်စ်ကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားရာ ၂-၁ နဲ့ အနိုင်ယူပြီး ၃ မှတ်ပြည့်ကို ရအောင် ယူသွားခဲ့ပါတယ်။

စီးတီးဟာ ဒီနေ့ပွဲမှာလည်း လိဒ်ကို ဂန်ဒိုဂန်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပထမပိုင်းမှာပဲ ဦးဆောင်ခဲ့ပြီး ပွဲကို သက်သက်သာသာပဲ ကစားသွားခဲ့ပါတယ်။ တပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူနိုင်ခဲ့ပြီး သူတို့ရဲ့ တည်ငြိမ်မှုကိုပါ ပြသခဲ့ကာ လိဒ်နည်းပြသစ် ဆမ်အလာဒိုက်ကို အဖွင့်ပွဲမှာပဲ ရှုံးပွဲတွေ့စေခဲ့ပါတယ်။

ပထမပိုင်းမှာ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ ဂိုးမရပေမယ့်လည်း သူတို့အတွက်ကတော့ ပူစရာမရှိခဲ့ပါဘူး။ မာရက်ဇ်ရဲ့ ဖန်တိးမှုနှစ်ကြိမ်ကနေ ဂန်ဒိုဂန်က နှစ်ဂိုးရခဲ့တာပါ။

ဒီနိုင်ပွဲက မန်စီးတီးရှုံးဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်အတွက်တော့ စိတ်ပျက်စရာကောင်းခဲ့မှာပါ။ ဒါပေမယ့် မန်စီးတီးကို ဟန့်တားနိုင်မယ့် အသင်းမရှိတာမို့ ပြိုင်ဘက်ခြေချော်တာကို အာဆင်နယ်တို့ အခွင့်အရေး ရယူနိုင်တာမျိုး မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ မန်စီးတီးကပဲ အသာစီးနဲ့ကစားပြီး ပင်နယ်တီရခဲ့ပေမယ့် ဂန်ဒိုဂန် မဝင်ခဲ့လို့ ဟက်ထရစ် ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒီလွဲချော်ပြီးမကြာခင်္ငမှာပဲ လိဒ်က ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့လို့ လက်ကျန်မိနစ်အနည်းငယ်က စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပေမယ့်လည်း မန်စီးတီးက ထိန်းကစားနိုင်ခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲရှိပေမယ့် မန်စီးတီးက အမှတ်ပေးပွဲကိုလည်း အာရုံစိုက်မပျက်ခဲ့ပါဘူး။ ပြိုင်ဘက်ကို ဖိဖိစိးစီးနဲ့ ကစားခဲ့ပြီး နိုင်ပွဲရအောင် ယူနိုင်ခဲ့ပါတယ်။

ဝါရင့် နည်းပြကြီး ဆမ်အလာဒိုက်ရဲ့ လိဒ်ယူနိုက်တက်ကတော့ အီတီဟတ်မှာ ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရပြီး တန်းမဆင်းရဖို့အတွက် အသားကုန် ရုန်းရတော့မှာလည်းဖြစ်ပါတယ်။

မန်စီးတီးကတော့ နသန်အကီဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ရီးရဲလ်နဲ့ပွဲကို ပါဝင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။