လိဒ်စ်ကို နိုင်ခဲ့ပေမယ့် ပင်နယ်တီ ကိစ္စကြောင့် တပည့်ကျော် နှစ်ယောက်ကို အမျက်ထွက်နေတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာကတော့ မနေ့ညက လိဒ်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဟာလန်းနဲ့ ဂွန်ဒိုဂန်တို့ နှစ်ယောက်ကို ဒေါသပေါက်ကွဲခဲ့ရပါတယ်။ ဒီပွဲမှာ ဂွန်ဒိုဂန်က မန်စီးတီး ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဖိုဒန်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဂွန်ဒိုဂန် ကန်သွင်းတဲ့နေရာမှာ ဂိုးမဝင်ခဲ့တဲ့အပြင် လိဒ်စ်ရဲ့ ချေပဂိုးကြောင့်လည်း မန်စီးတီးရဲ့ ရလဒ်ပိုင်းအတွက် စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးတဲ့အထိ မန်စီးတီးတို့ အနိုင်ဂိုးကို ထိန်းကစားနိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် ဟာလန်းက မန်စီးတီးရဲ့ ပင်နယ်တီတွေကို ပင်တိုင် ကန်သွင်းနေကျဖြစ်ပြီး ဒီပွဲမှာတော့ ဟက်ထရစ် ရနိုင်တဲ့ ဂွန်ဒိုဂန်ကို ကန်ခွင့်ပေးလိုက်တာပါ။ ဒါပေမယ့် ဂွန်ဒိုဂန်က ပင်နယ်တီ မဝင်ခဲ့ဘဲ့ ဟာလန်းကိုလည်း နည်းပြ ဂွါဒီယိုလာက ကွင်းအတွင်းမှာတင် ဆူပူအော်ဟစ်ခဲ့ပါတယ်။
ဂွါဒီယိုလာက “အာလင် (ဟာလန်း) မင်းကန်ရမှာ၊ မင်းကန်ရမှာ” ဆိုပြီး အော်ဟစ်ပြောဆိုခဲ့တာကို ပရိသတ်တွေ အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာလည်း ဂွါဒီယိုလာက ” အင်္ဂလန်မှာ ၂-၀ ဆိုတာ ပွဲမပြီးသေးပါဘူး။ ပင်နယ်တီ ကို တာဝန်ယူရမယ့် သူကိုပဲ ကန်စေချင်ပါတယ်။ သူတို့တွေက ဒီအပိုင်းကို ပိုပြီး လေ့ကျင့်ထားတဲ့ အထူး ကျွမ်းကျင်သူတွေပါ။ ဆိုလိုတာက ဟာလန်း ဒါမှမဟုတ် မာရက်ဇ်က ပင်နယ်တီ ကန်ရပါမယ်။ သူတို့ ဂိုးသွင်းနိုင်မလားကတော့ ဘယ်သူမှ မသိနိုင်ဘူးပဲလေ။
ဂွန်ဒိုဂန်ကလည်း သူ ကန်နိုင်ခဲ့ရင် ဟက်ထရစ်ရမှာပါ။ သူ့အတွက် သိပ်ကောင်းမှာပါ။ အခြေအနေ အားလုံးကို ကျနော် နားလည်ပါတယ်။ ဒီအခွင့်အရေးမှာ ပွဲက ပြီးသွားနိုင်တယ်။ ကိုယ်ထိန်းချုပ်ရမယ့် အခြေအနေကို ထိန်းချုပ်ရမှာပဲ။
ကိုယ်က ၄-ဝ နဲ့ နိုင်ထားပြီး ပွဲပြီးဖို့ ၁ဝ မိနစ်ပဲ ကျန်တဲ့ အချိန်ဆို ကျနော် ဘာမှ မပြောပါဘူး။ ဂွန်ဒိုဂန်ရဲ့ တာဝန်ယူလိုမှုကို ကျနော် အထင်ကြီးပါတယ်။ ပုံမှန်ကတော့ ပင်နယ်တီ ကန်ရမယ့်သူက ကန်ရမှာပါပဲ။
ဟာလန်း တာဝန်ယူရမယ်၊ သူက ဒီအပိုင်းမှာ ကျွမ်းကျင်သူပါပဲ။ ဒါက ကျနော်တို့ လုပ်ရမယ့် အလုပ်ဆိုတာ မေ့လို့ မရပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက ပင်နယ်တီ ယူကန်ခဲ့တဲ့ ဂွန်ဒိုဂန်ကိုလည်း ဒေါသထွက်ခဲ့ဟန်ရှိပြီး အဆိုပါ ကစားသမားကို လူစားလဲပြီးတဲ့ နောက် လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိတာကို ပရိသတ်တွေ သတိထားမိခဲ့ပါတယ်။
ဂွန်ဒိုဂန်ဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ရိုဒရီနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး နှစ်ယောက်အကြားမှာ ဆက်ဆံရေး အေးခဲနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဂွန်ဒိုဂန်ကတော့ ပင်နယ်တီမဝင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။