ဖလား ၃ လုံးကို ဒုတိယအကြိမ် ယူနိုင်တဲ့ ပထမဆုံး နည်းပြ ဂွါဒီယိုလာ ဖြစ်လာတော့မှာလား
ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။
အခုလောလောဆယ် မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ (၃၃)ပွဲကစား၊ (၇၉)မှတ်ရရှိထားပြီး အဆင့်(၂)နေရာက အာဆင်နယ်ထက် (၁)ပွဲလျော့၊ (၁)မှတ်ဖြတ်ပြီးတော့ ဦးဆောင်နေပါတယ်။
FA ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့်ရောက်ရှိနေပြီး လာမယ့်ဇွန်လ(၃)ရက်ကျရင် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်သလို ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက် ထားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ (၈၀%) သေချာနေပြီး ယူနိုက်တက်နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ဆွတ်ခူးနိုင်မယ့်အသင်းအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ နီးစပ်နေပါပြီ။
မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲမှာလည်း အနိုင်ရဖို့ ရာနှုန်းများနေပြီး ချန်ပီယံလိဂ်မှာတော့ လက်ရှိချန်ပီယံ ရီးရဲလ် မက်ဒရစ် ကို ခက်ခက်ခဲခဲရင်ဆိုင်ရမှာဖြစ်ပါတယ်။
တကယ်လို့သာ မန်စီးတီးအသင်း ဖလား(၃)လုံးချန်ပီယံဖြစ်မယ်ဆိုရင် အသင်း သမိုင်းတစ်လျှောက် သမိုင်းဝင် ကြီးမားတဲ့ အောင်မြင်မှု ပိုင်ဆိုင်နိုင်မှာဖြစ်သလို နည်းပြဂွါဒီယိုလာကလည်း နည်းပြလောကမှာ ကြီးကျယ်ခမ်းနားတဲ့ စံချိန်တစ်ခု စိုက်ထူနိုင်မှာဖြစ်ပါတယ်။
ဘောလုံးသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အဓိကဆုဖလား(၃)ခု ဆွတ်ခူးနိုင်တာက (၇)သင်းရှိပြီး အဲဒီ အသင်းတွေကတော့ ဆဲလ်တစ် (၁၉၆၆-၆၇)၊ အေဂျက်စ် (၁၉၇၁-၇၂)၊ PSV (၁၉၈၇-၈၈)၊ ယူနိုက်တက် (၁၉၉၈-၉၉)၊ ဘာစီလိုနာ (၂၀၀၈-၀၉၊ ၂၀၁၄-၁၅)၊ အင်တာမီလန် (၂၀၀၉-၁၀)၊ ဘိုင်ယန်မြူးနစ် (၂၀၁၂-၁၃၊ ၂၀၁၉-၂၀)တို့ပါပဲ။
နည်းပြတွေထဲမှာတော့ ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တာက ဂျော့ခ်စတိန်း (ဆဲလ်တစ်)၊ စတီဖင်ကိုဗက်စ် (အေဂျက်စ်)၊ ဟစ်ဒင့် (PSV)၊ ဖာဂူဆန် (ယူနိုက်တက်)၊ ဂွါဒီယိုလာ/လူးဝစ်အင်းနရစ် (ဘာစီလိုနာ)၊ မော်ရင်ဟို (အင်တာမီလန်)၊ ဂျက်ပ်ဟေးနက်စ်/ဟန်စီဖလစ်ခ် (ဘိုင်ယန်မြူးနစ်)တို့ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ဘာစီလိုနာနည်းပြဘ၀ ၂၀၀၉ ခုနှစ်တုန်းက လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ ချန်ပီယံလိဂ်၊ စပိန်စူပါဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားစတဲ့ ဆုဖလား(၆)ခု ဆွတ်ခူးခဲ့ဖူးပြီး (၁)နှစ်အတွင်း ဖလား(၆)ခုအထိ ရယူခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာဟာ ဖလား(၃)လုံးအောင်မြင်မှုကို (၂)ကြိမ် မရဖူးသေးဘဲ ဘောလုံးသမိုင်းတစ်လျှောက်မှာလည်း အဲဒီလို စွမ်းဆောင်နိုင်တဲ့ နည်းပြ မရှိသေးတာကြောင့် ဒီရာသီမှာ ဂွါဒီယိုလာအနေနဲ့ သမိုင်းဝင်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်မလား ဆိုတာကတော့ အနှေးနဲ့ အမြန် အဖြေပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။