လိဒ်စ်နဲ့ ပွဲမှာ ပင်နယ်တီ ဘာလို့ ယူကန်ရသလဲ ဖြေရှင်းချက်ပေးလာတဲ့ စီးတီးကွင်းလယ် ဂွမ်ဒိုဂန်

ဒီအပတ် လိဒ်စ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ ယူကန်ပြီး လွဲခဲ့တဲ့ ဂွမ်ဒိုဂန်က နည်းပြ ဂွာဒီယိုလာရဲ့ ဒေါသကို သူ ရင်ဆိုင်ရကြောင်း ဝန်ခံလာခဲ့ပါတယ်။

မန်စီးတီးက ပွဲကို ထိန်းချုပ်ထားနိုင်ပြီး ၂-၀ ဖြစ်နေချိန်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းထားတဲ့ ဂွမ်ဒိုဂန်က ပင်နယ်တီ တာဝန်ယူခဲ့ပြီး သူ အဆုံးသတ်နိုင်ရင် ဟက်ထရစ် ရခဲ့မှာပါ။ ဂွမ်ဒိုဂန် ပင်နယ်တီကန်ဖို့ လုပ်နေချိန် ဂွာဒီယိုလာက ဟာလန်းကို ကိုယ့်တာဝန် ကိုယ်ယူဖို့ ဒေါသတကြီး အော်ဟစ်နေခဲ့တာပါ။

ထို ပင်နယ်တီကို ဂွမ်ဒိုဂန် ကန်ချက်က ဂိုးမဝင်ဘဲ တိုင်ထိခဲ့ပြီး လိဒ်စ်ဘက်က ခြေပဂိုး ၁ ဂိုး ရခဲ့တဲ့နောက် ပွဲအပြီးမှာ ပြောစရာတွေ ဖြစ်လာခဲ့ပါတယ်။

ဂွမ်ဒိုဂန်က ” ဂွာဒီယိုလာက ဟာလန်းကို သူ အရမ်း စိတ်ဆိုးနေကြောင်း အမူအယာတွေ ပြသခဲ့တယ်။ နောက်ပြီး ကျနော်ကိုလည်း သူ စိတ်ဆိုးနေတာ ပြသခဲ့တယ်။ အခြေအနေက အဲ့ဒါပါ။ ကွင်းထဲမှာတော့ ဟာလန်းက ဘောလုံး ယူခဲ့ပြီး သူ ကန်မယ်လို့ ကျနော် ထင်မိပေမယ့် ကျနော်ကို ကန်ပါလို့ ကမ်းပေးခဲ့တယ်။

ကျနော် ထပ်ထပ်ပြီးတော့တောင် သေချာလားလို့ ဟာလန်းကို မေးခဲ့ပါတယ်။ သူက သေချာတယ် ကန်ပါလို့ ခွင့်ပေး ခဲ့ပါတယ်။ ဟာလန်းက ကျနော်ကို ဘောလုံး ကမ်းပေးခဲ့တာ သေချာပါတယ်။ ကျနော် ယုံကြည်ချက် ရှိရှိ ကန်သွင်းခဲ့တာပါ။

ကျနော်တို့ တတိယဂိုး သွင်းနိုင်ခဲ့သင့်ပါတယ်။ ကောင်တာကနေပဲ ဖြစ်ဖြစ် ဂိုးသွင်းနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် ကျနော်တို့ ကွင်းထဲမှာ အဆင်ပြေပြေ ဖြေရှင်းနိုင်လို့ ထိုက်တန်တဲ့ ၃ မှတ် ရခဲ့ပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ပင်နယ်တီ ကန်ရမယ့်သူဟာ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုအပ်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့တယ်။ ဟာလန်းက သဘောကောင်းခဲ့ပေမယ့် အသင်း နိုင်ပွဲရဖို့ အရေးကြီးတာမို့ အဲ့လို အပြုအမူကို သူမကြိုက်ကြောင်း စီးတီးနည်းပြက မှတ်ချက်ပေးသွားတာပဲ ဖြစ်ပါတယ်။