ရီးရဲလ်ကို အသာစီးနဲ့ ဖိပြီး လွှမ်းမိုးကစားဖို့ ကြံစည်ထားတဲ့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ ဒီအပတ် အင်္ဂါနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့တဲ့အခါ လိဒ်စ်နဲ့ပွဲမှာ သူတို့ ပြသခဲ့တဲ့ လွှမ်းမိုး ကစားပုံကို ပြန်လည်ပြသနိုင်ဖို့ ပက် ဂွာဒီယိုလာက မျှော်လင့်နေပါတယ်။

နောက်ဆုံး၅မိနစ် အခြေအနေကလွဲရင် မန်စီးတီးဟာ အဲ့ဒီ့ပွဲမှာ တန်းဆင်းဇုန် ခြိမ်းခြောက်မှုခံနေရတဲ့ လိဒ်စ် ယူနိုက်တက် နဲ့ လုံးဝ ကွာခြားတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ ပထမပိုင်းမှာ ဂန်ဒိုဂမ်ရဲ့ ဂိုး ၂ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး နောက်ထပ်ဂိုးသွင်းခွင့်များစွာ ရရှိခဲ့ပါသေးတယ်။ ဂန်ဒိုဂမ်က ပင်နယ်တီတစ်ကြိမ် လွဲချော်ခဲ့ပြီး ဟာလန်းဟာလဲ ဂိုးဘားတန်းနဲ့ နှစ်ကြိမ်ထိမိခဲ့တာတွေ ရှိခဲ့ပါတယ်။

စီးတီး ရဲ့ နောက်ထပ်စိန်ခေါ်မှုက အများကြီး ပိုခက်ခဲပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ကို ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ရမှာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ သူ့အသင်းဟာ ပုံစံကောင်းမှာ ရှိနေတယ်လို့ ယုံကြည်နေတာပါ။

“စနေနေ့ပွဲမှာ ကစားခဲ့သလိုမျိုး အင်္ဂါနေ့မှာ ကစားချင်ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ တကယ်ကို ကောင်းခဲ့တာပါ။ သူတို့က နောက်တန်း၆ယောက်နဲ့ ကစားခဲ့တာကြောင့် နေရာလွတ်တွေကို မှန်းဆပြီး တိုက်စစ်ဆင်ဖို့ အချိန်မှန်ကို ရွေးချယ်ဖို့လိုပါတယ်။

ဟာလန်းက ဂိုးသွင်းဖို့ အခွင့်အရေး သုံးလေးကြိမ်လောက် ရခဲ့တယ်။ သူက သိပ်ကောင်းတဲ့ပွဲတစ်ပွဲ ကစားခဲ့တာပါ။ အားလုံးပါပဲ။ ၂-၁ မဖြစ်ခင် အခြေအနေက တကယ်ကို ကောင်းခဲ့ပါတယ်”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဂွာဒီယိုလာဟာ အဲ့ဒီ့ပွဲမှာ အပြောင်းအလဲ ၇နေရာ လုပ်ခဲ့ပြီး ဂျက်ဂရီးလစ်ရှ်၊ ရိုဒရီ၊ ရူဘင်ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ဘာနာဒိုဆေးဗားတို့ကို အနားပေးခဲ့ပါတယ်။

ဒါကြောင့် ရီးရဲလ် မက်ဒရစ်နဲ့ပွဲမှာ လန်းဆန်းအားပြည့်တဲ့ အသင်းလူစာရင်းကို ရနိုင်မှာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ အခုချိန်မှာ ချန်ပီယံလိဂ်ကို ဦးစားပေးတာမျိုး မဟုတ်ပဲ ပြည်တွင်းဖလားပြိုင်ပွဲကို အာရုံစိုက်ထားတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။