မန်စီးတီးကို အနိုင်ယူမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အားသာချက် ဆိုတာကြီး အန်ဆယ်လော့တီ ထုတ်ဖော်

အင်္ဂါနေ့မှာ ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ဟာ ၁၂ ယောက် VS ၁၁ ယောက် ကစားသွားမယ်လို့ နည်းပြ ကာလို အန်ဆလော့တီက ဆိုပါတယ်။

ပထမအကျော့ကို ဆန်တီယာဂို ဘာနေဗျူးမှာ ကစားသွားမှာဖြစ်ပြီး အိမ်ကွင်းအားဟာ သူ့အသင်း ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ အခွင့်အရေးအတွက် အရေးပါပုံကို နည်းပြကြီးက အသေးစိတ် ရှင်းပြပေးခဲ့ပါတယ်။

ကိုပါဒယ်ရေးဖလား အနိုင်ရအပြီးမှာ အန်ဆယ်လော့တီက “ ဒီည ကျွန်တော်တို့ နည်းနည်းလောက် အောင်ပွဲခံမယ်။ ပြီးရင် အင်္ဂါနေ့အကြောင်း စဉ်းစားမယ်။ ကျွန်တော်မှာချင်တာကတော့ ‘အင်္ဂါနေ့အတွက် ကြိုးစားကြရအောင်’ ဒါပါပဲ။

ဒီနေ့လို၊ ဘာနေဗျူးက အရင်နေ့တွေလိုမျိုး ပရိသတ်တွေက ကျွန်တော်တို့ကို ခွန်အားပေးဖို့ ကြိုးစားမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ပထမအကျော့မှာ နည်းနည်း အသာစီး ရထားတာရှိတယ်။ ကျွန်တော်တို့က ပရိသတ်တွေ အပါအဝင် ၁၂ ယောက်နဲ့ သူတို့ ၁၁ ယောက်ကို ကစားရမှာမလို့လေ။

ဒီအသင်း၊ ဒီကလပ်နဲ့ ဒီပရိသတ်တွေကို ကျေးဇူးပဲ တင်နိုင်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ဟာ အရေးပါတဲ့ တစုံတခုကို အောင်မြင်ခဲ့တယ်။ ၂ရာသီအတွင်း ရနိုင်သမျှ ဆုဖလားအားလုံးကို ရခဲ့တာပါ။ ကောင်းမွန် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစရာ ခံစားချက်တွေနဲ့ အင်္ဂါနေ့ပွဲအတွက်ပြင်ဆင်သွားမှာပါ။

ဒီ ၂ရာသီအတွင်း ကျွန်တော်တို့ အောင်မြင်ခဲ့တာတွေကို မနက်ဖြန်မှာ အပြီးသတ်ပြီးတော့ အင်္ဂါနေ့အကြောင်း စဉ်းစားကြစို့။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့အသင်းက အေစီမီလန် vs အင်တာမီလန် အတွဲမှာ အနိုင်ရလာမယ့် အသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ချန်ပီယံဖြစ်ရေး ပိုမိုရေပန်းစားနေမှာပဲ ဖြစ်ပါတယ်။