ရီးရဲလ်နဲ့ ပွဲ အဖြေက ဒုကျော့ အီတီဟက်မှ သိမယ် လို့ ပက် ဂွာဒီယိုလာ ပွဲကြို စကား ဆို

မန်စီးတီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဒီညမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရမှာဖြစ်သလို ဗိုလ်လုပွဲရောက်ဖို့ သူတို့ရဲ့ အခွင့်အရေးတွေကို မျှော်လင့်ထားတယ်လို့ နည်းပြ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲကို အနိုင်ရထားပြီးတော့ ၁၄ဂိုးသွင်း၊ ၃ဂိုးသာ ပေးထားရတာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ၂ကြိမ် အောင်မြင်ခဲ့ပေမယ့် စီးတီးနဲ့ တခါမှ မရဖူးသေးတဲ့ ဂွာဒီယိုလာဟာ အရေးကြီးပွဲစဉ် မတိုင်ခင် သူ့အသင်းရဲ့ ခြေစွမ်း၊ စိတ်ဓာတ်နဲ့ ပတ်သက်ပြီး ကျေနပ်နေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က အခိုက်အတန့်ကောင်းမှာ ရှိနေပါတယ်။ ကေင်းကောင်းကစားနေတာဖြစ်လို့ ယုံကြည်မှုရှိပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပါတယ်။ သူတို့က ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး အတွေ့အကြုံနဲ့ အရည်အသွေးက အများကြီးရှိတယ်။

ဒါပေမယ့် ကျွန်တော်တို့က သူတို့နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရအောင် ကြိုးပမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဒုတိယအကျော့ကို အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်မှာ ကစားရမှာဟာ မန်စီးတီးအတွက် အကူအညီဖြစ်စေနိုင်တယ်လို့လဲ ဂွာဒီယိုလာက ယူဆထားပါတယ်။

“လွန်ခဲ့တဲ့ ၇နှစ်က ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလား လိုချင်ခဲ့ကြတယ်။ မနှစ်ကရာသီမှာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ပေမယ့် အခု ထပ်ပြီး တွေ့ရပြန်ပြီ။ တည်ငြိမ်မှုရှိဖို့က အရေးအကြီးဆုံးပဲ။ ကျွန်တော်တို့တွေ နှစ်တိုင်း ပိုပြီး ကောင်းလာအောင် ကြိုးစားရတယ်။ မနှစ်ကလဲ ကျွန်တော်တို့ ပြင်ဆင်ထားခဲ့ပါတယ်။

ဒီနည်းပြ၊ ဒီကစားသမားတွေနဲ့ပါပဲ။ ဒါပေမယ့် ပွဲကတော့ လုံးဝမတူတော့ဘူး။ ကွာသွားတာကတော့ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာ။ အရာအားလုံးကို မန်ချက်စတာမှာ အဆုံးအဖြတ် ပေးပါလိမ့်မယ်” လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။