စပိန်မြေမှာ ထွက်ခဲ့တဲ့ သရေ ရလဒ်ကို ဘယ်လို သဘောရသလဲ ပြောလာတဲ့ ပက် ဂွာဒီယိုလာ
မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ချိန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုး သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့တာကြောင့် လာမယ့် ဒုတိယအကျော့ ပွဲစဉ်က ဆက်လက်ရင်ခုန်ဖို့ ကောင်းနေဦးမှာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အလိုရှိတဲ့ ရလဒ်အတိုင်း ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးဟာ အဝေးကွင်းမှာ အိမ်ရှင်အသင်းရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကနေ လိုက်ကစားပြီး သရေကျခဲ့တာ ဖြစ်ပါတယ်။
ဂွါဒီယိုလာက ” ကျွန်တော်တို့ ပိုကောင်းခဲ့တယ်ဆိုရင် သူတို့ ဂိုးအရင် ရခဲ့ပါတယ်။ သူတို့ပိုကောင်းခဲ့တယ်ဆိုရင် ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်က အသင်းကောင်းတစ်သင်းဖြစ်ပြီး အတွေ့အကြုံအများကြီး ရှိတဲ့အသင်းပါ။ နှစ်သင်းစလုံး အကောင်းဆုံး ကစားနိုင်ခဲ့တာကြောင့် ဒီရလဒ်က မျှတတဲ့ရလဒ်လို့ ဆိုရမှာပါ ” ဆိုပြီး BT Sport ကနေတဆင့်ပြောဆိုခဲ့ပါတယ်။
နှစ်သင်းစလုံး ခြေရည်ညီတယ်လို့ ပြောလို့ရပေမယ့် ရီးရဲလ်အသင်းဂိုးသမား ကော်တိုးရစ်ရဲ့ အပိုင် ကာကွယ်မှုတွေ ကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပြီး ဒီဘရိုင်း၊ ဟာလန်းတို့ရဲ့ ကြိုးစားမှုတွေကို ပွဲချိန် တော်တော်များများအထိ တောင့်ခံထားနိုင်ခဲ့တာ တွေ့ရပါတယ်။
ပထမပိုင်းမှာ ရီးရဲလ်အသင်းက ပိုမို ဖိအားပေးနိုင်ခဲ့သလို ဗင်နီးရှက်က ဂိုးဧရိယာပြင်ပကနေ အမှတ်မထင် အပြင်းကန်သွင်းရယူကာ အဖွင့်ဂိုးရယူပေးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပိုမိုဖိအားပေး ကစားလာနိုင်ခဲ့တဲ့ စီးတီးတို့ ချေပဂိုး ပြန်လည် ရရှိခဲ့ကာ အဆိုပါ ဂိုးကိုတော့ ဒီဘရိုင်းကပဲ ဂိုးဧရိယာပြင်ဘက်ကနေ လှပသေသပ်စွာ ကန်သွင်းရယူသွားခဲ့တာ ဖြစ်ပါတယ်။
ယနေ့ပွဲရဲ့ သရေရလဒ်က နှစ်သင်းစလုံးအတွက် ညီမျှတယ်လို့ ဆိုလို့ရနိုင်ပြီး လာမယ့်ဒုတိယအကျော့ပွဲစဉ်က မန်စီးတီး အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် မန်စီးတီးတို့ အနည်းငယ် အသာစီး ရယူနိုင်ခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။
