ဒုကျော့ အတွက် ယုံကြည်မှု အပြည့်ကို ရှိနေကြောင်း ပြောလာတဲ့ စီးတီး ကွင်းလယ်လူ ဂရီးလစ်ချ်

ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ဘာနေဗျူးကွင်းအတွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် မန်စီးတီးအသင်းက ဒီဘရိုင်းရဲ့ ချေပဂိုးနဲ့ ၁ဂိုး – ၁ဂိုး ဖြင့် သရေ ရခဲ့ပါတ်။

ဒါပေမယ့် လာမယ့် ဒုတိယအကျော့ ပွဲစဉ်တွင် အနိုင်ကစားပြီး ဗိုလ်လုပွဲ တက်ရောက်ရန် ယုံကြည်ကြောင်း မန်စီးတီး ကွင်းလယ်သမား ဂရီးလစ်ချ်က ပြောဆိုလိုက်ပါတယ်။

စပိန်မြှော ကစားခဲ့ကြတဲ့ အဆိုပါ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၄ကြိမ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ကွင်းမှာ ရလဒ်ကောင်းဖော်ဆောင်နိုင်ရန် အတွက် ပွဲစတင်ကစားတည်းက တောက်လျှောက် တိုက်စစ်ဆင် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ပထမပိုင်း အပြီးမှာ ဘယ်တောင်ပံတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဗင်နီးစီးယက်စ် ရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင် ထားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းအတွင်းမှာ ကယ်ဗင်ဒီဘရိုင်းရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲပြီးချိန်မှာ ၁ဂိုး – ၁ဂိုး သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အီတီဟတ်ကွင်းအတွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်တွင် အနိုင်ရရန် ယုံကြည်မှု အပြည့်ရှိကြောင်း စီးတီး တိုက်စစ်မှာ ခြေစွမ်းပြလာတဲ့ ဂရီးလစ်ချ်က ခုလို ပြောလာတာပါ။

“ပွဲစတင်မကစားခင် ကျွန်တော့် အမေ ဆီကနေ မက်ဆေ့တစ်ခုရခဲ့ပါတယ်။ ‘ဒါက မင်းငယ်ငယ်ကလေးတည်းက အမြဲအိပ်မက်ခဲ့ရတဲ့ အရာပါပဲ’တဲ့။ ဒီလို ကွင်းကြီးထဲမှာ ဒီလိုပွဲမျိုးကစားရတာက အိပ်မက်တစ်ခု တကယ် အထမြောက်လာခဲ့တာပါ”

“ဒီနှစ်ကျွန်တော်တို့ အသင်းရဲ့ လူစာရင်းက အရင်နှစ်ကနဲ့ မတူပါဘူး။ ခြားနားခဲ့ပါပြီ။ အီသီဟတ်မှာဆို ကျွန်တော်တို့အသင်းက ဘယ်လိုမှ ရပ်တန့်မရနိုင်တဲ့ အသင်းပါ။ ဒုတိယအကျော့မှာ အနိုင်ရလဒ် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။