ရီးရဲလ်က ပိုသာတယ် ကြွေးကြော်တဲ့ ကော်တွိုက်စ်၊ စီးတီးကို မကြောက်ဘူး ကြုံးဝါးလာတဲ့ ကာဗာဂျယ်

ရီးရဲလ်မက်ဒရစ်ရဲ့ ဗိုလ်လုပွဲတွေ အောင်မြင်ဖူးတဲ့ အတွေ့အကြုံဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်စီးတီးထက် ပိုသာစေနိုင်တယ်လို့ ရီးရဲလ် ဂိုးသမား ကော်တွိုက်စ် က ပြောဆိုလိုက်ပါတယ်။
မက်ဒရစ်က ပထမအကျော့မှာ တစ်ဂိုးစီ သရေကျပြီးတဲ့နောက် သူတို့နှစ်သင်းဟာ နောက်အပတ် အီတီဟဒ်မှာ ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီပွဲက အဆုံးအဖြတ်ဖြစ်ပေမယ့် စီးတီးဟာ ၅နှစ်အတွင်း ဥရောပ အိမ်ကွင်းပွဲ တစ်ပွဲမှ မရှုံးခဲ့ဖူးတာကြောင့် ရီးရဲလ်ထက် အသာစီးရလိမ့်မယ်လို့ အများက ယုံကြည်နေတာပါ။
ဒါပေမယ့် မက်ဒရစ်က လွယ်လွယ်နဲ့ အလျှော့ပေးမှာမဟုတ်သလို လက်ရှိချန်ပီယံတွေဖြစ်ပြီး ဒီပြိုင်ပွဲမှာ အများဆုံး အောင်မြင်ထားပါတယ်။
ဒီအတွေ့အကြုံတွေဟာ မန်ချက်စတာမှာ သူတို့အသင်းအတွက် အသုံးဝင်နိုင်တယ်လို့ ကော်တွိုက်စ် က ယုံကြည်နေတာ ဖြစ်ပါတယ်။
“ဒီနေ့ပွဲကတော့နှစ်သင်းလုံး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ နည်းနည်းပိုပြီး ခုခံကာကွယ်ခဲ့တယ်။ ခုခံချင်ရင် ဒီဘရိုင်း၊ ဘာနာဒိုနဲ့ ဂွမ်ဒိုဂန်တို့ လွယ်လွယ်လေး ပေးပို့မှုတွေ လုပ်လို့မရအောင် ဟာလန်းကို နေရာလွတ်တွေ မပေးဖို့လိုတယ်။
ကျွန်တော်တို့ ကောင်းကောင်းကစားခဲ့ပါတယ်။ အဲ့အကျိုးဆက်ကြောင့် သူတို့က အဝေးကနေ ကန်သွင်းမှုတွေ ပိုလုပ်ရတယ်။ ရိုဒရီနဲ့ ဒီဘရိုင်းတို့ရဲ့ အဝေးကန်ချက်တွေ ကောင်းခဲ့ပါတယ်။ သရေပွဲက တကယ်ကို အကြိတ်အနယ် ရှိခဲ့တာပါ။
ဒုတိယအကျော့က ဖိုင်နယ်လို ဖြစ်နေလိမ့်မယ်။ အဝေးကွင်းဆိုပေမယ့် ကျွန်တော်တို့က ဖိုင်နယ်တွေ အောင်မြင်ဖူးတဲ့ အတွေ့အကြုံ ကောင်းကောင်းရှိတာကြောင့် စီးတီးကို သူတို့အိမ်ကွင်းမှာ ရင်ဆိုင်ရတာတောင်မှ ကျွန်တော်တို့ဘက်က အသာစီးရနိုင်တယ်လို့ ထင်ပါတယ်” ဆိုပြီး ကော်တွိုက်စ်က ပြောကြားခဲ့ပါတယ်။
ရီးရဲလ်အသင်းနောက်ခံလူ ကာဗာဂျယ်ကလည်း မန်စီးတီးအသင်းနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်ကို ကြောက်နေစရာ ဘာအကြောင်းမှ မရှိဘူးဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ကာဗာဂျယ်က “ မန်ချက်စတာမှာ သွားကစားရရင်လည်း ကျွန်တော်တု့ိဆီမှာ အခွင့်အရေးတွေ အများကြီးရှိနေဦးမှာပါ၊ အဲ့ဒီကို အကြောက်အလန့် ကင်းစွာနဲ့ အေးဆေး သွားကစားနိုင်ပါတယ်၊ အနိုင် ရလဒ်အတွက် သွားကစားမှာပါ၊ အဲ့ဒီအတွက် လုံးဝကို ယုံကြည်စိတ်ချထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။