ကန်ဆယ်လို ကို သွားလိုက သွား ဆိုပေမယ့် အာဆင်နယ်တော့ မရဘူးလို့ ပြန်ချုပ်ထားတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးဟာ အပြောင်းအရွှေ့အတွက် ကန့်သတ်ချက် တစ်ခုကို ပြုလုပ်ထားတာကြောင့် ဒီနွေမှာ ကန်ဆယ်လိုကို ခေါ်ယူရေး အာဆင်နယ်အသင်း ကြိုးစားခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ဘယ်အစွန်လူ တီယာနေးကို ရောင်းချပြီး နောက်ထပ် အစွန်လူ တစ်ဦး ထပ်ခေါ်ယူဖို့ စဉ်းစားနေတာပါ။ နည်းပြ အာတီတာက ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်ထံ အငှားထွက်ကစားနေတဲ့ ကန်ဆယ်လိုကို အတော်လေး အထင်ကြီးမှု ရှိထားပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး အစွန်လူတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်ခဲ့တဲ့ ကန်ဆယ်လိုအတွက် မန်စီးတီးဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ တောင်းဆိုမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုအတွက် အဆိုပါ ပြောင်းရွှေ့ကြေး ပေးဖို့ မသေချာပါဘူး။

မန်စီးတီးမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့စဉ် ကန်ဆယ်လိုရဲ့ အရည်အချင်းကို သိထားတဲ့ အာတီတာက ပေါ်တူဂီသားကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပါ။ ဒါပေမယ့် အာဆင်နယ်အသင်း အမှန်တကယ် ချိတ်ဆက်မယ်ဆိုရင် မန်စီးတီးဘက်က အပြောင်းအရွှေ့ ကိစ္စကို ပိတ်ပင်သွားမယ်လို့ သိရပါတယ်။

ကောလဟာလ သတင်းအရ မနှစ်ကနွေမှာ ဂျေးဆုနဲ့ ဇင်ချန်ကို နှစ်ဦးကို ရောင်းထုတ်ပေးခြင်းနဲ့အတူ အာဆင်နယ်တို့ အင်အားတောင့်တင်းအောင် ကူညီသလို ဖြစ်ခဲ့ခြင်းမျိုး လာမယ့်ရာသီမှာ ထပ်ပြီး အဖြစ်မခံဖို့ မန်စီးတီးဘက်က ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ဒီနွေမှာတော့ သူတို့ ကစားသမား တစ်ဦးကိုမှ အာဆင်နယ်ထံ ပြောင်းခွင့်ပေးမှာ မဟုတ်ပါဘူး။

မန်စီးတီးဟာ အသင်းမှာ ဆက်မနေလိုတဲ့ ကစားသမားတွေကို ထွက်ခွင့်ပေးမှာ ဖြစ်ပေမယ့် ပြည်တွင်းထိပ်တန်း ပြိုင်ဘက်တွေထံ ရောင်းထုတ်ဖို့ကိုတော့ ယခင်ကထက် ပိုပြီး တင်းကြပ်သွားတော့မှာပဲ ဖြစ်ပါတယ်။