ဒီရာသီမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဂွာဒီယိုလာနဲ့ အလွဲကြီး လွဲနေတဲ့ ဆု တစ်ခု

မန်စီးတီးအသင်းရဲ့ နာမည်ကျော်နည်းပြကြီး ပက် ဂွါဒီယိုလာဟာ ဒီရာသီ ဇယားထိပ်မှာ အကြာကြီး နေခဲ့တဲ့ အာဆင်နယ်ကို ကျော်ဖြတ်ပြီး အဆင့်(၁)နေရာရောက်အောင် ပို့ဆောင်ထားနိုင်ပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို မယုံနိုင်လောက်အောင် လွဲချော်နေကာ အခုထိ တစ်ကြိမ်မှ မရသေးပါဘူး။
ဧပြီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ မန်စီးတီးအသင်းက လီဗာပူးလ်၊ ဆောက်သမ်တန်၊ လက်စတာ၊ အာဆင်နယ်၊ ဖူလ်ဟမ်တို့ကို ဆက်တိုက်အနိုင်ရခဲ့ပေမယ့် ဧပြီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဂွါဒီယိုလာ မရဘဲ အက်စတွန်ဗီလာအသင်း နည်းပြ အူနိုင်းအမ်မရီက ဆွတ်ခူးခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဧပြီလအတွင်း ပရီးမီးယားလိဂ်(၇)ပွဲအထိ ကစားခဲ့ရပြီး ချယ်ဆီး၊ လက်စတာ၊ နော်တင်ဟမ် ဖောရက်စ်၊ နယူးကာဆယ်၊ ဖူလ်ဟမ်တို့ကို နိုင်၊ ဘရန့်ဖို့ဒ်နဲ့သရေ၊ မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့(၂၁)မှတ်ထဲက (၁၆)မှတ်အထိ ရယူနိုင်နိုင်ခဲ့ပါတယ်။
အဲဒီအတွက် အူနိုင်းအမ်မရီက ဂွါဒီယိုလာ၊ အက်ဒီဟောင်း၊ ရွိုင်းဟော့ဒ်ဆင်တို့ကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆု ဆွတ်ခူးခဲ့တာဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်နည်းပြဘဝမှာ ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုနဲ့ ဂွါဒီယိုလာ လွဲချော်ခဲ့တာက မန်စီးတီးပရိသတ်တွေအတွက် မကျေနပ်စရာဖြစ်စေပြီး ရာသီအစ သြဂုတ်လကနေ ပြီးခဲ့တဲ့ဧပြီလအထိ အကောင်းဆုံးနည်းပြဆုနဲ့ ဆက်တိုက်လွဲချော်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနည်းပြဘဝတစ်လျှောက် ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို (၁၁)ကြိမ်အထိ ဆွတ်ခူးခဲ့ပြီး ဂန္ထဝင်နည်းပြကြီးတွေဖြစ်တဲ့ ဖာဂူဆန် (၂၇ကြိမ်)၊ အာစင်ဝင်းဂါး (၁၅ကြိမ်)တို့ပြီးရင် ဆုရရှိခဲ့တဲ့ တတိယမြောက်အများဆုံးနည်းပြအဖြစ် ရပ်တည်နေပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာဟာ ၂၀၁၇ ခုနှစ်အတွင်း စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ပြီး ဒီဆုကို (၄)လဆက်တိုက်ရရှိတာက ဂွါဒီယိုလာတစ်ဦးတည်းသာရှိပါတယ်။
မန်စီးတီးနည်းပြဘ၀ (၇)နှစ်တာကာလအတွင်း ရာသီတိုင်းမှာ ဂွါဒီယိုလာက ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့တာကြောင့် ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီအဆုံးသတ်မယ့် အခု မေလကုန်မှာ ဒီဆုကို မရခဲ့ရင်တော့ ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီလုံးမှာ အကောင်းဆုံးနည်းပြဆု တစ်ခါမှမရတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။