အာဆင်နယ်နဲ့ လက်ကျန်ပွဲတွေ ဘယ်လို ဖြစ်မယ် တွေးထားသလဲ ပက် ဂွာဒီယိုလာ ထုတ်ပြော
မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ပွဲအပါအဝင် ဂန်းနားတွေရဲ့ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးမှာ အာတီတာရဲ့အသင်းက အနိုင်ရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ မန်ချက်စတာစီးတီးထက် ၁ မှတ်လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက တစ်ပွဲကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။
အဲဗာတန်နဲ့ ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အာတီတာရဲ့အသင်းဟာ လက်ကျန်ကစားဖို့ရှိနေတဲ့ ၃ ပွဲစလုံးကနေ ရမှတ် အများဆုံးရယူနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပေမယ့်လည်း ၎င်းရဲ့ ဟောကိန်းက မှားယွင်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
“ကျိန်းသေပေါက် သူတို့က ၃ ပွဲစလုံးကို အနိုင်ကစားသွားလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို အနိုင်ရဖို့ လုပ်ဖို့လိုတာ ဘာလဲဆိုတာ သိပါတယ်။ သူတို့တွေ ဘရိုက်တန်၊ နော်တင်ဟမ်၊ ဝုလ်ဗ်စ်တို့နဲ့ ကစားနေတဲ့အချိန်မှာ ကျွန်တော်လည်း ပွဲစဉ်ထဲမှာပဲ ရှိချင်ပါတယ်။
ကျွန်တော် သူတို့ကို ရမှတ်တွေ လျော့ကျစေချင်တယ်။ ကျွန်တော် ရိုးရိုးသားသားပဲ ပြောမှာပါ။ ဒါပေမယ့် သူတို့တွေ ၉ မှတ်ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဒီတပတ် တနင်္ဂနွေနေ့မှာ မန်စီးတီးက အဲဗာတန်ကို အဝေးကွင်း သွားပြီး ည ၇နာရီခွဲမှာ ကစားရမှာ ဖြစ်ပြီး ထိုပွဲ ပြီးချိန် ည ၁ဝ နာရီမှာ အာဆင်နယ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကတော့ သူတို့အရင် ပွဲ ကစားမယ့် မန်စီးတီး ခြေချော်မလား ဆိုတာကိုလည်း စောင့်ကြည့်နေဖွယ် ရှိပါတယ်။
