ဥရောပ ခံစစ် အကောင်းဆုံး ၁ဝ သင်းထဲ ပါဝင်နေတဲ့ မန်ချက်စတာ စီးတီးအသင်း

ဘောလုံးရာသီ တစ်ခု ပြီးဆုံးဖို့က တရွေ့ရွေ့ နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီ ခံစစ် အကောင်းဆုံး ပေးဂိုး အနည်းဆုံး အသင်းတွေ စစ်ထုတ်လိုက်ရာမှာတော့ ပရီးမီးယားလိဂ်မှ မန်စီးတီးနဲ့ နယူးကာဆယ်တို့ ထိပ်ဆုံး ၁ဝ သင်းထဲ ပါဝင်နေပါတယ်။

ဒါပေမယ့်လည်း ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ရာသီနောက်ဆုံး ရက်သတ္တပတ်တွေထဲကို လက်ရှိအချိန်အထိ ပေးဂိုးအနည်းဆုံးနဲ့ ဖြတ်သန်းသွားမယ့်အသင်းတွေက ဘယ်အသင်းတွေလဲဆိုရင် ပရီးမီးယားလိဂ်ရာသီဟာ အလှည့်အပြောင်းတွေ အများအပြား ရှိတာကြောင့် အင်္ဂလိပ်အသင်းတွေက စာရင်းထဲမှာ ထိပ်ဆုံးက မပါဝင်နိုင်တာက အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အသင်း ၂ သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးက ၃၄ ပွဲမှာ ၃၁ ဂိုးနဲ့ အဆင့် ၉၊ နယူးကာဆယ် က ၂၉ ဂိုးနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နှစ်သင်းစလုံးက ကိုယ့်ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နယူးကာဆယ် ယူနိုက်တက်အသင်းကလည်း ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အားကောင်းတဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။

ဥရောပရဲ့ ယခုရာသီ ခံစစ်အကောင်းဆုံးအသင်းတွေထဲမှာ ပြင်သစ်အသင်း ၂ သင်း ပါဝင်ခဲ့ပေမယ့်လည်း အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းမပါဝင်ခဲ့ဘဲ နိစ်က ၃၄ ပွဲမှာ ၃၁ ဂိုးနဲ့ အဆင့် ၁၀၊ လွန်းစ်က ၃၄ ပွဲမှာ ၂၆ ဂိုးတည်းနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ခံစစ်ကစားခြင်း အနုပညာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ အီတလီက ကလပ်အသင်း ၃ သင်းလည်း ပါဝင်ခဲ့ပြီး ဂျူဗင်တပ်(၆)၊ လာဇီယို(၃)နဲ့ စကူဒက်တို ချန်ပီယံ နာပိုလီ(ဒုတိယ)တို့က ၂၈ ဂိုး၊ ၂၆ ဂိုး၊ ၂၃ ဂိုး အသီးသီး ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက ဂျာမနီ တစ်သင်းမှ ထိပ်ဆုံး ၁၀ သင်းထဲမှာ မပါဝင်ခဲ့ဘဲ ကျန်ရှိနေတဲ့ ၃ နေရာကို စပိန်လာလီဂါက ရီးရဲလ် ဆိုစီဒက်(၈)၊ အက်သလက်တီကို မက်ဒရစ်(၅)နဲ့ ဘာစီလိုနာ(၁)တို့က ရယူသွားခဲ့တာဖြစ်ပါတယ်။

ဇာဗီ ဟာနန်ဒက်ဇ်ရဲ့အသင်းဟာ ယခုရာသီ လာလီဂါ ၃၃ ပွဲမှာ ၁၁ ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် ခံစစ်ပိုင်း အကြမ်းဆုံးအသင်းဖြစ်ခဲ့ပြီး ပျမ်းမျှခြင်းအားဖြင့် ၃ ပွဲမှသာ တစ်ဂိုး ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။