မန်စီးတီး ပွဲစဉ်တွေ ဒီလောက် ဆက်တိုက်ကြပ်နေတဲ့ အပေါ် နားမလည်နိုင် ဖြစ်နေတဲ့ ပက် ဂွာဒီယိုလာ

နည်းပြ ပက် ဂွါဒီယိုလာ က မန်စီးတီးရဲ့ ပွဲစဉ်ဇယားနှင့် ပတ်သက်ပြီး နားမလည်နိုင်အောင် ဖြစ်ရကြောင်း ဆိုသွားပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးဟာ တနင်္ဂနွေနေ့တွင် ဂူဒီဆင်ပါ့ခ်သို့ သွားရောက်ကာ အဲဗာတန်ကို ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ၇၂ ရက်အကြာတွင် အီတီဟတ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ကစားရပါမယ်။

ရီးရဲလ်မက်ဒရစ်မှာမူ ယနေ့ စနေနေ့တွင် ဂီတာဖေးနှင့် လာလီဂါပွဲကစားရမည်ဖြစ်ရာ မန်စီးတီးထက် တစ်ရက် နားချိန် ပိုရထားပါတယ်။

လီဗာပူးမြို့မှာ ယနေ့ညမှာ Eurovision Song Contest သီချင်းဆိုပြိုင်ပွဲရှိရာ မန်စီးတီးမှာ တနင်္ဂနွေနေ့တွင် အဲဗာတန်နှင့် ရင်ဆိုင်ရန် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက “အဲဒီလိုကို ဖြစ်နေတာ(ရီးရဲလ်မက်ဒရစ် တစ်ရက်ပိုနားရ)။ Eurovision (သို့မဟုတ်) လီဗာပူးမှာ တစ်ခုခု ရှိနေလို့ ကျွန်တော်တို့ စနေနေ့မှာ မကစားနိုင်ဘူး။ တစ်ချိန်တည်းမှာ အရေးပါတဲ့ ပြိုင်ပွဲနှစ်ခုကို အဖွဲ့အစည်း တွေ မကိုင်တွယ်နိုင်ဘူး။ နားမလည်နိုင်အောင် ဖြစ်ရတယ်။

ဒါပေမဲ့ ဒါအတွက် ကျွန်တော် ဘာတိုက်ပွဲမှ ဝင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ အံဝင်အောင် လုပ်ရမယ်။ အခြား ဘာများလုပ်လို့ ရလို့လဲ။ ပြင်ဆင်ချိန် ရချင်လို့ စနေနေ့မှာ ကစားချင်တယ်။ ဒါပေမဲ့ အခု ဒီလို ဖြစ်နေတယ်။ ပရီးမီးယားလိဂ် ကလည်း အသင်းတွေကို ကူညီချင်မှာပါ။ အဆင်မပြေအောင် တမင်လုပ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်”လို့ ဆိုသွားပါတယ်။

မန်စီးက ဒီည အဲဗာတန်နဲ့ ပွဲ အပြီး ရက်ပိုင်းအကြာမှာပဲ ရီးရဲလ်မက်ဒရစ် နဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ် ပွဲ ကစားရမှာ ဖြစ်ပါတယ်။