ဒီအပတ် မတူတဲ့ ဟာလန်းကို မြင်ကြရမယ် လို့ ရီးရဲလ်အား ကြို သတိပေးလိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက လာမယ့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပထမပွဲကနဲ့ မတူညီတဲ့ ဟာလန်းကို မြင်တွေ့ရလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ် အသင်း အား သတိပေးခဲ့ပါတယ်။

ဟာလန်းဟာ ပထမ အကျော့က ဘာနေဗျူးမှာ ခက်ခဲတဲ့ညကို ကြုံခဲ့ရပြီး ရူဒီဂါကို မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ ၅၁ဂိုး သွင်းထားတဲ့ ဂိုးသွင်းစက်ကြီးဟာ စပိန်မြေမှာ ဘောလုံးထိချက် ၂၁ကြိမ်သာ ရှိခဲ့ပြီး နှစ်ဖက်ဂိုးသမားတွေအပါအဝင် ပွဲထွက်ကစားသမားတွေအားလုံးထဲ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ၅၁ဂိုးထဲက ၃၅ဂိုးကို အိမ်ကွင်း အီတီဟဒ်မှာ သွင်းယူထားခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာ ဟာလန်းအနေနဲ့ အသင်းဖော်တွေဆီက ပိုကောင်းတဲ့ အထောက်အပံ့တွေနဲ့အတူ အများကြီး ပိုလုပ်ပြနိုင်လိမ့်မယ်လို့ ဂွာဒီယိုလာက မျှော်လင့်နေတာပါ။

“ဟာလန်းကို ထိန်းနိုင်ခဲ့တဲ့ ရူဒီဂါကို ဂုဏ်ပြုပါတယ်ဗျာ။ ဒါပေမယ့် ဟာလန်းအတွက်တော့ ၂၂ နှစ်အရွယ်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် ကစားဖူးတာပါ။ အကြီးမားဆုံးစင်မြင့်တစ်ခုဖြစ်တဲ့ ဘာနေဗျူးကို ပထမဆုံးအကြိမ် သူရောက်ဖူးတာပဲ။

ရီးရဲလ်မက်ဒရစ်က နောက်ခံလူကောင်းတွေ၊ ကွင်းလယ်လူကောင်းတွေ၊ တိုက်စစ်မှူးကောင်းတွေနဲ့ ထိပ်တန်းအဆင့် ကလပ်တစ်ခုပါ။ နောက်ပွဲကျရင်တော့ နည်းနည်းပိုပြီး လွယ်သွားလိမ့်မယ်။

ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့အနေနဲ့ တချို့အပိုင်းတွေမှာ နည်းနည်းပိုကောင်းအောင် ကစားနိုင်ရင် ဟာလန်းအတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ လာမယ့်ပွဲတွေအတွက်ပါ သူ အဆင်သင့် ဖြစ်နေမှာသေချာပါတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ မနေ့ညက အဲဗာတန် ကို နိုင်ပြီးနောက် ပရီးမီးယားလိဂ် ဖလားကို လက်တစ်ဖက် လှမ်းကိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပြီး ချန်ပီယံလိဂ် အတွက် ပြန် အားစိုက်တော့မှာ ဖြစ်ပါတယ်။