တစ်ပွဲ ထပ်နိုင်ရုံနဲ့ ပရီးမီးယားလိဂ် ဖလား မြှောက်တော့မယ့် မန်စီးတီးကို အာဆင်နယ် တားမရတော့ပါဘူး
မနေ့ညက ကစားခဲ့တဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးအသင်းက နိုင်ပွဲဆက်ခဲ့ပေမယ့် အာဆင်နယ် အသင်းက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ဖလားက မန်စီးတီးရဖို့သာ သေချာလုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ည အစောပွဲမှာ မန်စီးတီးက တန်းဆင်းဇုန် ရုန်းအား ရှိနေတဲ့ အဲဗာတန် ကို အဝေးကွင်းမှာ ၃-၀ နဲ့ အပြတ် အနိုင်ယူခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းက အာဆင်နယ်အသင်းထက် တစ်ပွဲ လျော့ ရမှတ် ၄ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ကျန် ၃ ပွဲ ကစားဖို့ ရှိနေသေးတဲ့ မန်စီးတီးအသင်းဟာ တစ်ပွဲ အနိုင်ရရုံနဲ့တင် ပရီးမီးယားလိဂ်ဖလား သိမ်းပိုက်သွားမှာ ဖြစ်တာကြောင့် နောက်ထပ် ပွဲစဉ်တွေကို ဖိအားကင်းကင်းနဲ့ ကစားခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
ယခုတစ်ခေါက် ကစားခဲ့ကြတဲ့ မန်စီးတီးနဲ့ အဲဗာတန်တို့ရဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂန်ဒိုဂန်က သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဟာလန်းကလည်း သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာကြောင့် ယခုလို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်အသင်းကတော့ တန်းဆင်းဇုန်နဲ့ ရမှတ်တစ်မှတ်ကွာ အနေအထားအထိ ရောက်ရှိသွားခဲ့ပါတယ်။
အာဆင်နယ်တို့ပွဲစဉ်မှာတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိထားတဲ့ ဘရိုက်တန်အသင်းက အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့ရပေမယ့် အာဆင်နယ်အသင်းထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကာ အန်စီယို၊ အန်ဒက်ဗ်၊ အက်စ်တူပီနန် တို့ရဲ့ သွင်းဂိုးတွေကြောင့် ၃ ဂိုးပြတ် ရလဒ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အာဆင်နယ်အသင်းအနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားနဲ့ ဆက်လက် ဝေးကွာနေရဦးမှာ ဖြစ်ပြီး မန်စီးတီးအသင်းကတော့ ဘရိုက်တန်၊ ချဲလ်ဆီး၊ ဘရန်းဖို့ဒ် စတဲ့ လက်ကျန် ၃ ပွဲ အနက် တစ်ပွဲ အနိုင်ကစားရဖို့သာ လိုအပ်နေတာ တွေ့ရပါတယ်။