ချန်ပီယံလိဂ် ဆိုတာ ငါတို့ ပိုင်နက်၊ ငါတို့ ပြိုင်ပွဲကွ လို့ မန်စီးတီးအား ပွဲကြိုစိန်ခေါ် သတိပေးတဲ့ ဗယ်ဗာဒီ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဖီဒီဗယ်ဗာဒီကတော့ ချန်ပီယံလိဂ်ဟာ ရီးရဲလ် အသင်းရဲ့ပိုင်နက်ဖြစ်တယ်လို့ ဆီမီး ပြိုင်ဘက် မန်စီးတီး အသင်းကို သတိပေးလိုက်ပါတယ်။

ဥရုဂွေးကြယ်ပွင့်ဟာ ဘာနေဗျူးလ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပထမအကျော့မှာ ပွဲစဉ်အစအဆုံး ပါဝင်ကစားခဲ့ပေမယ့် ရီးရဲလ်အတွက် အနိုင်ရလဒ်ကို ယူဆောင်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။

ဗီနီးဆီးယပ်ဂျူနီယာရဲ့ ပထမပိုင်းသွင်းဂိုးကို ဒုတိယပိုင်းမှာ ဒီဘရိုင်းနားက ပြန်လည်ချေပခဲ့ပြီး ပထမအကျော့ ရလဒ်ကို တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျစေခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဂွာဒီယိုလာရဲ့ မန်စီးတီးက နောက်တစ်ဆင့်တက်ဖို့ ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်တို့ဟာ ဒုတိယအကျော့ပွဲစဉ်ကိုကစားဖို့ မန်စီးတီးအသင်းရှိရာ မန်ချက်စတာမြို့ကို သွားရောက်ရတော့မှာပါ။ ဒီလို အင်္ဂလန်မြေမှာ မန်စီးတီးကို ရင်ဆိုင်ရမယ့်အပေါ် မက်ဒရစ်ဟာ စိုးရိမ်နေပုံမရှိပါဘူး။

ဥရောပချန်ပီယံလိဂ်ဖလားကို ၁၄ကြိမ်ရယူထားတဲ့ ဥရောပဘီလူးကြီးဟာ ဒီတစ်ကြိမ်မှာလည်း ၁၅ကြိမ်မြောက်ဖလားကို အရယူဖို့ စိတ်အားထက်သန်နေပါတယ်။

UEFA ချန်ပီယံလိဂ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ပြိုင်ပွဲသာဖြစ်ပြီး ချန်ပီယံဆုကို နောက်ထပ်တစ်ကြိမ် အရယူပြမယ်လို့ ဗယ်ဗာဒီက အင်တာဗျူးတစ်ခုမှာ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုလိုက်ပါတယ်။

“ချန်ပီယံလိဂ်မှာကစားရတာ အရမ်းကိုထူးခြားတာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒါက ရီးရဲလ်မက်ဒရစ်ရဲ့ ပြိုင်ပွဲပါ။ တခြားပြိုင်ပွဲတွေနဲ့အရမ်းကိုကွာခြားပါတယ်။ ထူးခြားတဲ့အိမ်မက်တစ်ခု မက်နေသလိုမျိုး အရာအားလုံးကို မတူညီတဲ့ ခံစားချက်၊ မတူညီတဲ့စွမ်းအားတွေနဲ့ ခင်ဗျားတို့ခံစားမိပါလိမ့်မယ်။”

“ချန်ပီယံဖလားဆိုတာ ဥရောပကလပ်တွေမှာကစားနေတဲ့ ကစားသမားတိုင်းရယူချင်တဲ့ အိမ်မက်တစ်ခုပဲလေ။ ပြီးတော့ ပရိသတ်တွေအတွက်လဲ ကိုယ်အားပေးတဲ့အသင်းက ဒီဖလားကိုရယူနိုင်တာထက် ပိုပြီးလှပတဲ့ အရာမျိုးရှိမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဖလားဟာ ကလပ်အသင်းတွေအတွက် အရေးကြီးဆုံး အောင်မြင်မှုတစ်ခုဖြစ်လို့ပါ။”

“ဒါဟာ ချန်ပီယံလိဂ်ညချမ်းတွေကို ပြိုင်ဆိုင်မှုတွေပြင်းထန်စေတဲ့ အကြောင်းရင်းပါပဲ။ မက်ဒရစ်မှာတုန်းက သူတို့ကျွန်တော်တို့ကိုသင်ပေးခဲ့တာတစ်ခုရှိတယ်။ ပွဲမပြီးမချင်း မပြီးသေးဘူးဆိုတာပါပဲ။ ခုဆို ကျွန်တော်တို့မှာ မိနစ် (၉၀) တောင်ရှိပါသေးတယ်။” လို့ ဥရုဂွေးသားကြီးက ဆိုပါတယ်။

ဗယ်ဗာဒီ ရဲ့ကျောနံပါတ်ဟာ ၁၅ဖြစ်ပြီး ဒီတစ်ကြိမ်မက်ဒရစ်ချန်ပီယံထပ်ဖြစ်ခဲ့ရင် ၁၅ကြိမ်မြောက် ဥရောပ ချန်ပီယံလိဂ်လားကို ကိုင်မြှောက်နိုင်မှာ ဖြစ်တာကြောင့် ထူးခြားတဲ့ခံစားချက်တစ်ခု ဖြစ်လိမ့်မယ်လို့ ဗယ်ဗာဒီက ယုံကြည်နေပါတယ်။