ဒီည ရီးရဲလ်နဲ့ ပွဲမှာ ဘာမှ အထူးတဆန်း မလုပ်ပါဘူး၊ အေးဆေးပါ လို့ ပွဲကြိုစကားဆိုတဲ့ ပက် ဂွါဒီယိုလာ
မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြိုတင်ဖွင့်ဟခဲ့ပါတယ်။
ဒါပေမယ့် သူ့အနေနဲ့ အရင်ကလို အတွေးလွန်နေတာမျိုးဖြစ်မှာ မဟုတ်ဘူးလို့လည်း ဂွါဒီယိုလာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ရေး အဆုံးအဖြတ်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဘာနေဗျူးကွင်းမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်သင်းလုံး အတွက် ဗိုလ်လုပွဲ တက်ရောက်ရေး အခွင့်အရေးက ဆတူရှိနေဆဲဖြစ်ပါတယ်။
ဒုတိယအကျော့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “အချို့အရာတွေကို မတူညီတာတွေ လုပ်ပြဖို့ ကျွန်တော် စိတ်ကူး ရှိပါတယ်။ တိုက်စစ်ပိုင်းကို ပုံသေမဟုတ်ဘဲ ကစားတာမျိုးပေါ့။ ဒါပေမယ့် ဒါက ဘာမှ ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲအတွက် အတွေးလွန်နေမှာ မဟုတ်ပါဘူး။ စိတ်မပူကြပါနဲ့ ”
“ကျွန်တော်တို့ လုပ်ခဲ့ဖူးတဲ့ အပြောင်းအလဲတွေနဲ့ ဘာမှကွာခြားသွားတာမျိုး မရှိပါဘူး။ ဘာ အပြောင်းအလဲ လုပ်မှာလဲ ဆိုတာကိုတော့ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ အခုတော့ မပြောပါဘူး။ ဘာလို့လဲဆိုတော့ အန်ဆယ်လော့တီ ကြားသွား မှာလေ”လို့ ပြောကြားသွားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေ ပြုလုပ်လေ့ရှိသူပါ။ အထူးသဖြင့် ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂွါဒီယိုလာတစ်ယောက် မလိုအပ်ဘဲ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲ တွေက အသင်းကို ချန်ပီယံဆုနဲ့ လွဲချော်သွားစေခဲ့တယ်လို့ ပရိသတ်တွေက ယူဆထားကြပါတယ်။
အဲ့ဒါကြောင့် ပွဲကြီးပွဲကောင်းတွေမှာ ဂွါဒီယိုလာရဲ့ အပြောင်းအလဲတွေကို မန်စီးတီး ပရိသတ်တွေ ထိတ်လန့်နေရပြီး ဒီနေ့ညမှာလည်း ဘယ်လိုပုံစံမျိုးတွေ မြင်တွေ့ရဦးမလဲ စောင့်ကြည့်ရမှာပါ။
