အီတလီ အသင်းနဲ့တွေ့တာ အကောင်းဆုံး အခြေအနေတော့ မဟုတ်ဘူးလို့ ပက် မှတ်ချက်ပြု
မန်စီးတီးဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်နဲ့ တွေ့ရမှာဖြစ်သလို အီတလီအသင်းတစ်သင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာဟာ သူတို့အတွက် အကောင်းဆုံးလက်ဆောင် မဟုတ်ဘူးလို့ ပက်ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။
စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၅-၁ နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ တွေ့ရမှာဖြစ်ပါတယ်။
အင်တာမီလန်ဟာ အေစီမီလန်ကို နှစ်ကျော့ပေါင်း ၃-၀ နဲ့ အနိုင်ရခဲ့တာဟာ ကောင်းတယ်ဆိုပေမယ့် မန်စီးတီးလောက်တော့ အထင်ကြီးစရာ မကောင်းခဲ့ပါဘူး။
မန်စီးတီးဟာ ပထမဆုံး ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့အတွက် ရေပန်းစားနေမှာ သေချာပေမယ့် ဂွာဒီယိုလာကတော့ ဖိုင်နယ်မှာ အီတလီပြိုင်ဘက်နဲ့ တွေ့ရတဲ့ အခက်အခဲကို သတိထားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“အီတလီအသင်းတစ်သင်းနဲ့ တွေ့ရတဲ့ ဗိုလ်လုပွဲတစ်ခုက အမြဲတမ်း အကေင်းဆုံး လက်ဆောင်တော့မဟုတ်ပါဘူး။ ဒီနိုင်ပွဲပြီးတော့ ချီးကျူးမှုတွေ အများကြီးရမှာပါ။ ဒါက ပုံမှန်ပဲဆိုတာသိပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ဖိုင်နယ်အတွက် ပြင်ဆင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိတယ်။ ဒီအတွက် ကြိုးစားသွားမှာပါ”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ်အိုဝင်တောင် မန်စီးတီး ဖလား၃လုံး မရဖို့ ငြင်းစရာ အကြောင်းကို ရှာမတွေ့နိုင်အောင် ဖြစ်ခဲ့တာပါ။
“သူတို့က ဥရောပမှာ ဘယ်သူ့မဆိုထက် ခေါင်းရော ပခုံးရောသာတယ်။ အနည်းဆုံး ၂နှစ် ၃နှစ်လောက် သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်း ဖြစ်ခဲ့တယ်ထင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့က အတွေ့အကြုံတွေ ကြွယ်ဝပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေပါတယ်။
အီတလီအသင်းတွေဆိုတာ ရင်ဆိုင်ရတာ အမြဲတမ်း ခက်ခဲပါတယ်။ တစ်ကျော့ထဲ ကစားရတဲ့ပွဲတွေမှာ ဘာကိုမှ တပ်အပ်ပြောလို့မရဘူး။ အထူးသဖြင့် အင်တာလို ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့အခါပေါ့။ ဒါပေမယ့် သူတို့က အခုချိန်မှာ လူတိုင်းထက် ပိုကောင်းပိုသာနေတာပါ။ သူတို့ ရှုံးစရာအကြောင်းမရှိလောက်ပါဘူး”လို့ အိုဝင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
